မိမိတို့၏ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရခြင်းဟု ULA/AA ပြောရေးဆိုခွင့်ရှိသူပြော

မိမိတို့၏ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရခြင်းဟု ULA/AA ပြောရေးဆိုခွင့်ရှိသူပြော

စစ်ကောင်စီမှ ULA/AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းရှိသည့်အတွက်  စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ULA/AA မှ ဖမ်းဆီးရခြင်းဖြစ်ကာ ၎င်းအကျဉ်းသားများကို အချင်းချင်းဖလှယ်သွားမည်ဟု ယနေ့(ဇွန် ၁၄ ရက်နေ့)တွင် ပြုလုပ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

စစ်ကောင်စီဘက်မှ ဖမ်းဆီးထားသည့် ULA/AA တပ်ဖွဲ့ဝင်တချို့အား ချက်ချင်းပြန်လွှတ်ပေးပါက ULA/AA ဖက်မှ ဖမ်းဆီးထားသည့် စစ်ကောင်စီအရာရှိများနှင့် တပ်ဖွဲ့ဝင်များအား ချက်ချင်းပြန်လွှတ်ပေးရန် စီစဉ်ထားကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

ယင်းပြင် စစ်ကောင်စီဘက်မှ ဖမ်းဆီးမှုများဆက်လက်လုပ်ဆောင်လာပါက ULA/AA ဖက်မှလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဘာတွေဆက်လုပ်မှာလည်းဆိုတော့ မြန်မာစစ်တပ်ဖက်က ဖမ်းဆီးထားတဲ့ ကျနော်တို့ ULA/AA တပ်ဖွဲ့ဝင်တချို့ကို ချက်ချင်းပြန်လွှတ်ပေးတယ်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ချက်ချင်းပြန်လွှတ်ပေးသွားမယ်လို့စီစဉ်ထားပါတယ်။ ကျနော်တို့ဘက်က ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ်ဘက်က အရာရှိတချို့ရှိပါတယ်။  ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတဲ့အတွက် သူတို့ရဲ့တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရတာဖြစ်ပါတယ်”  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကဆိုသည်။

ဇွန်လ ၁၁ နေ့ကလည်း ကျောက်တော်မြို့မှ စစ်ကောင်တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဦးခိုင်သုခက အတည်ပြုပြောကြားခဲ့သည်။

 ULA/AA ဖက်မှ ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နှိပ်စက်ခြင်းမရှိဘဲ ကျန်းမာရေးစောင့်ရှောက်ထားပြီး ၎င်းတို့တပ်ဖွဲ့ဝင်များကိုလည်း မနှိပ်စက်ဘဲထားရှိဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သည်။

“ ကျနော်တို့ဘက်က ဖမ်းဆီးထားတဲ့ မြန်မာတပ်ဖွဲ့ဝင်စစ်သားတွေကို မနှိပ်စက်ဘဲနဲ့ ကျန်းကျန်းမာမာရှိဖို့ ဂရုစိုက်ထားပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်က တပ်သားတွေကိုလည်း အဲဒီလို ထိန်းသိမ်းထားဖို့လို့မျှော်လင့်ပါတယ် ” ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်တပ်စွဲနေထိုင်သည့် အနီးပတ်ဝန်းကျင်တွင် မြေမြုပ်မှိုင်းထောင်ထားခြင်းများရှိသည့်အတွက် ယင်းအနီးပတ်ဝန်းကျင်သို့ မသွားရောက်ကြဖို့ကိုလည်း ဦးခိုင်ခက သတိပေးပြောကြားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (AA)ထံသို့ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ရာကျော်ရှိကြောင်းလည်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...