ကျင်းထဲ ပြုတ်ကျ သေဆုံးသွားသည့် မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်း ရှာဖွေရေး လုပ်ငန်းများ ရပ်နား

ကျင်းထဲ ပြုတ်ကျ သေဆုံးသွားသည့် မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်း ရှာဖွေရေး လုပ်ငန်းများ ရပ်နား

ဖားကန့်မြို့ ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းထဲပြုတ်ကျ သေဆုံးခဲ့သည့် မိသားစုဝင်သုံးဦး၏ ရုပ်အလောင်း ရှာမတွေ့တော့သည့်အတွက် ရှာဖွေရေးလုပ်ငန်းများ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန် မော်မောင်းလျှံအကျိူးတူ ကုမ္ပဏီမှ ဝန်ထမ်း မိသားစုတစ်စုသည် ဖားကန့်ဆေးရုံ ၎င်းတို့၏ လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဆင်းလာစဉ် အေးမြသာယာအနီး ကားဘရိတ်ပေါက်၍ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ပြုတ်ကျခဲ့ရာ မိသားစုဝင်သုံးဦးစလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရုပ်အလောင်းကို သုံးရက်ဆက်တိုက်ရှာဖွေသော်လည်း မတွေ့သောကြောင့် ရပ်နားလိုက်ပြီဖြစ်ကြောင်း ရှာဖွေရေးလုပ်ပေးနေသည့် ဖားကန့်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“တခြားက ဘာမှပြန်မထူးဘူး အလောင်းတွေဘာတွေလည်းမရဘူး။ ဒီနေ့ထိတောင်မရဘူး။ အခုက ရှာတာလို့ ကြီးတော့ မရှာတော့ဘူး အလောင်းပေါ်လာမလားဆိုပြီး မနက်တစ်ခေါက်မိုးလင်းတစ်ခေါက် ညနေတစ်ခေါက် မနက် ခင်းတစ်ခေါက် အဲ့လိုလှေနဲ့ပတ်ပြီး စောင့်ကြည့်တာမျိုးပဲ လုပ်တော့တယ်“ ဟု ၎င်းက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့ မတိုင်ခင်အထိ ဘတ်ဟိုးယာဉ်၊ ရေငုတ်ပစ္စည်းကိရိယာများဖြင့်သုံးရက်ခန့် အချိန်ပေးရှာဖွေခဲ့ ရာတွင် ယင်းမိသားစု စီးနင်လာသည့် ပါဂျဲရိုကား အမျိုးအစားကိုသာ ဇွန်လ ၁၁ ရက်နေ့က တွေ့ရှိထုတ်ယူနိုင်ခဲ့ပြီး ရုပ်အလောင်းမှာ ရှာမတွေ့နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမိသားစု ကားပြုတ်ကျခဲ့သည့် ရေကန်မှာ ပေ ၄၀၀ ခန့်နက်သည့် ကျောက်စိမ်းလုပ်ကွက်ဟောင်းဖြစ်နေသည့်အတွက် ယခုကဲ့သို့ရုပ်အလောင်းပြန်တွေ့နိုင်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိသားစု စီးနင်လာသည့်ကားမှာပါဂျဲရိုကား အမျိုးအစားဖြစ်ကြောင်း သိရသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...