ပလက်ဝတွင် ၃ နှစ်ခန့်ကြာ အင်တာနက်ဖြတ်တောက်ခံထားရ၍ ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

ပလက်ဝတွင် ၃ နှစ်ခန့်ကြာ အင်တာနက်ဖြတ်တောက်ခံထားရ၍ ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

၃ နှစ်ခန့်ကြာ အင်တာနက်ဖြတ်တောက်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ပလက်ဝမြို့သည် နှစ်ရှည်လများ အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့်အပြင် လမ်းပန်းဆက်သွယ်ရေးမှာလည်း အကန့်အသတ်တင်းကျပ်မှုများဖြင့်သာ ဖြတ်သန်းသွားလာကုန်သွယ်နေရသဖြင့် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းကိုပါ ဖွင့်ပေးစေချင်ကြောင်း အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

"အဓိကကတော့ အင်တာနက်မရရင် ကျနော်တို့က အခြားနေရာတွေနဲ့ ချိတ်ဆက်မရတော့ဘူး။ လုံးဝကွင်းဆက်ပြတ်နေတယ်။ ဘဏ်တွေနဲ့ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲတွေလည်း သိပ်ခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးတွေပိတ်ထားလို့ ဒီမြို့ထဲမှာ နေနေရတာပဲ။ မြို့ပြင်ကိုလည်း ထွက်လို့မရဘူး။ ကျနော်တို့ကတော့ လူ့အခွင့်အရေးအများကြီးဆုံးရှုံးနေရတာပါပဲ" ဟုပြောသည်။

လက်ရှိတွင် ပလက်ဝမှ ရခိုင်သို့ တစ်ခုတည်းသောလမ်းပန်းဆက်သွယ်ရေးဖြစ်သည့် ပလက်ဝ-ကျောက်တော်ခရီးစဉ်ပြေးဆွဲနေသော အစိုးရဇက်ရေယာဉ်မှာလည်း တစ်ပတ်လျှင် အင်္ဂါတစ်ရက်တည်းသာ ပြေးဆွဲနေသည့်အတွက် ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားလူမှုကိစ္စများလုပ်ကိုင်ရန်ပင် လွန်စွာအခက်အခဲဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။

"ပလက်ဝမှာ အင်တာနက်အဖြတ်ခံထားရတာက အရမ်းကြာပြီ။ သတင်းတွေဘာတွေလည်း အင်တာနက်ကနေကြည့်လို့မရဘူး။ အခုလည်း တခြားမြို့တွေကိုသွားမယ်ဆိုရင် ဇက်ရေယာဉ်တစ်ခုတည်းနဲ့ပဲ သွားလို့ရတယ်။ အဲဒါလည်း တစ်ပတ်ကိုတစ်ရက်တည်းဆိုတော့ အဆင်မပြေဘူး" ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လမှစတင်ကာ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ပထမအကြိမ် အင်တာနက်လိုင်းအပိတ်ခံခဲ့ရသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်းတွင် အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ချင်းပြည်နယ်အတွင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ ယနေ့အထိ ဒုတိယအကြိမ်အင်တာနက်ဖြတ်တောက်ခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နှင့် တစ်မိုင်လောက်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တစ်နာရီနီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပလက်ဝမြို့အတွင်းတွင်လည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဒေသခံများကို ဖမ်းဆီးမှုများလည်းရှိနေသည်။

ဓာတ်ပုံ - ပလက်ဝမြို့တွင်းတစ်နေရာအား တွေ့ရစဉ်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...