စစ်ရေးပဋိပက္ခကြောင့် တနင်္သာရီတွင် နေအိမ်အလုံး ၆၀ ခန့်မီးရှို့ခံရပြီး ဒေသခံ ၇၅ ဦး ထိခိုက်သေဆုံး

စစ်ရေးပဋိပက္ခကြောင့် တနင်္သာရီတွင် နေအိမ်အလုံး ၆၀ ခန့်မီးရှို့ခံရပြီး ဒေသခံ ၇၅ ဦး ထိခိုက်သေဆုံး
တနင်္သာရီတိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပုံ။
တနင်္သာရီတိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပုံ။

တနင်္သာရီတိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေအိမ်အလုံးရေ ၆၀ နီးပါးမီးရှို့ခံရပြီး ဒေသခံ ၇၅ ဦး သေဆုံးခဲ့ရကြောင်း တနင်္သာရီဒေသပဋိပက္ခဖြစ်စဉ်စောင့်ကြည့်ရေးအဖွဲ့ (Southern Monitor) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Southern Monitor အဖွဲ့၏  ဇွန်လ ၉  ရက်နေ့ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ မေလအထိ ကိုးလအတွင်း မြန်မာစစ်တပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များ၊ ကေအန်ယူတပ်မဟာ (၄) - KNLA အဖွဲ့တို့ တိုက်ပွဲအတွင်း ဒေသခံနေအိမ် ၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဖော်ပြထားသည်။   

နေအိမ် မီးရှို့ဖျက်ဆီးခံရမှုများတွင် ထားဝယ်မြို့နယ်တွင် (၄) ဆောင်၊ သရက်ချောင်းမြို့နယ်တွင် (၁၉) ဆောင်၊ ပုလောမြို့နယ်တွင် (၁၁) ဆောင်၊ ရေဖြူမြို့နယ်တွင် (၃) ဆောင်၊ မြိတ်မြို့နယ်တွင် (၁) ဆောင်နှင့် တနင်္သာရီမြို့နယ်တွင် (၁၅) ဆောင်တို့ပါဝင်ပြီး အဆိုပါ နေအိမ်များကို မြန်မာစစ်တပ်မှ မီးရှိူ့ဖျက်ဆီးခဲ့သည်ကို တွေ့ ရှိရကြောင်း Southern Monitor အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

 “ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ စစ်ကြောင်းတွေကို ဒေသခံကာကွယ်ရေးတပ်နဲ့ KNLA အဖွဲ့တို့က မိုင်းဆွဲတာရှိမယ်။ နောက် အပြန်အလှန်တိုက်ပွဲဖြစ်တာရှိမယ်။ အဲဒီတိုက်ပွဲတွေ ငြိမ်တဲ့အချိန်မှာ စစ်ကောင်စီတပ်တွေက ရွာထဲကိုဝင်ပြီး မီးရှို့တာလုပ်ခဲ့တာပေါ့ ” ဟု Southern Monitor အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်း အဖွဲ့ကစုဆောင်းထားသည့် အချက်အလက်များအရ နေအိမ် ၅၀ မှာ လုံးဝပျက်စီးသွားပြီး ကျန် နေအိမ် ၁၀ လုံးမှာ တချို့တဝက်ပျက်စီးဆုံးရှုံးမှုများ ပါဝင်ကြောင်းလည်း အဆိုပါ Southern Monitor အဖွဲ့ဝင်က ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီလမှ မေလကုန်အထိ ၅ လတာအတွင်း နှစ်ဖက်စစ်ရေးပဋိပက္ခများကြောင့် အရပ်သားဒေသခံ ၇၅ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထိုသို့ လူသေဆုံးခဲ့မှုများတွင် နှစ်ဖက်စစ်ရေးပဋိပက္ခများအကြား၌သာမက မြန်မာစစ်တပ်၏  လုံခြုံရေးအရ ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံထိခိုက်သေဆုံးမှုမှာ ပိုမိုများပြားကြောင်း အမည်မဖော်လိုသည့် ဒေသနေလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။

“ စစ်ရေး ပဋိပက္ခကြောင့် သာမကဘဲနဲ့ စစ်ကောင်စီတပ်တွေ လုံခြုံရေးအရဆိုပြီး ရမ်းသန်းပစ်ခတ်တာကြောင့် သေဆုံးတာက ပိုပြီးများပါတယ်။ အခု စာရင်းအရဆိုရင် နည်းနေသေးတယ်။ ဒီထက်ပိုပြီး သေဆုံးတာ ရှိနိုင်တယ်။ ဒီအဖွဲ့ကလည်း လက်လှမ်းမီသလို စုစည်းဆောင်ရွက်နေရတာလည်းပါမယ် ” ဟု ဒေသခံလူ့အခွင့်အရေးလှုပ်ရှားသူက ဆိုသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ရေးပဋိပက္ခအတွင်း အရပ်သားပြည်သူများအပေါ် သတ်ဖြတ်မှုများရှောင်ရှားကာ စစ်သည်တော်ကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက်ကြရန် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများနှင့် ဒေသခံအဖွဲ့အစည်းများက အလေးထားတိုက်တွန်းမှုများရှိနေသည်။

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...