ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ တရားမဝင် ငါးမန်းဂိမ်း လောင်းကစားရုံများ ဖွင့်လှစ်နေမှုကြောင့် လောင်းကစားပြုလုပ်သူများလာပြီးနောက် ရပ်ကွက်တိုင်းနီးပါးတွင် ခိုးမှုများ များနေသည့်အတွက် မြို့ခံများက စိုးရိမ်နေကြသည်ဟု ပြောသည်။
တောင်ပြီးမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွင့်လှစ်လာသည့် လောင်းကစားရုံများကြောင့် လောင်း ကစားပြုသူများလာကာ ခိုးမှုများ ရပ်ကွက်တိုင်းတွင် ကြုံနေရသည်ဟု မြို့ခံ ပြည်သူများက ပြောသည်။
အမည်မဖော်လိုသူ မြို့ခံတစ်ဦး က “မြို့ပေါ်မှာ လာဒ်ယူပြီး ဖွင့်ထားတဲ့ ငါးမန်းဂိမ်းရုံတွေ ပိတ်ပေးဖို့ သက်ဆိုင် ရာကို တောင်းဆိုပါတယ်။ အခုဆိုရင် ခိုးမှုတွေ များလာပါတယ်။ ရပ်ကွက်တိုင်း နေရာစုံပါပဲ။ အခုဆို လူမြင် ကွင်းမှာတောင် ဆိုင်ကယ် ဇက်သော့ခတ်ပြီး မရပ်ရဲဘူး။ တနေရာရာသွားရင် ရင်တမမနဲ့” ဟု ပြောသည်။
တောင်ကြီးမြို့အတွင်း အဆိုပါ ငါးမန်းဂိမ်း လောင်းကစားရုံများမှာ အာဏာမသိမ်းခင် ကာလများတွင် မီဒီယာ များ၏ ဖော်ထုတ်ရေးသားမှုများကြောင့် ပြည်နယ်အစိုးရ ညွှန်ကြားချက်ဖြင့် ပိတ်သိမ်းခဲ့ရခြင်း ဖြစ်သည်။
သို့သော်အာဏာသိမ်းပြီး နောက်ပိုင်းကာလတွင် မီဒီယာလွတ်လပ်ခွင့် ဆုံးရှံးမှုကို အခွင့်ကောင်းယူ၍ ရဲတပ်ဖွဲ့ များအား လာဘ်ပေးပြီး ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာကြခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့ခံများက ပြောသည်။
ထို့အပြင် ရဲတပ်ဖွဲ့ဝင် အချို့မှာ လာဘ်ပေးလာယူရုံသာမက ၎င်းတို့ကိုယ်တိုင်လည်း ဝင်ကစားနေသောကြောင့် ထိုလောင်းကစားရုံများ ပိတ်သိမ်းရန်ကိစ္စမှာ မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေပြီး ဒေသခံများ နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲနေကြရသည်ဟု ပြောသည်။
ငါးမန်းဂိမ်း ကစားကြသူများမှာ လူတန်းစား အလွှာပေါင်းစုံက ပါဝင်ကစားနေကြပြီး နိုင်သူမှာ ဆယ်ပုံတစ်ပုံ ခန့်သာရှိ၍ အများစုကလည်း အရှုံးပေါ်နေကြသည်ဟု ဆိုသည်။
လောင်းကစားဆော့ နေသူတစ်ဦးက ဖခင်ဖြစ်သူက “တရားမဝင် လောင်းကစားရုံတွေ မဖွင့်တော့ရင် အလွှာ ပေါင်းစုံက လူတန်းစားတွေ မသွားဖြစ်တော့ဘူးပေါ့။ အဲဒီတော့ အလုပ်ကိုပဲ အာရုံစိုက်ကြမှာပေါ့။ ပိုက်ဆံရလာ ရင်လည်း စုမိတာပေါ့။ လင်မယား စကားများတာ၊ ကွဲကွာကြတာတွေလည်း ပပျောက်သွားမှာပေါ့။ ခိုးမှုတွေ လည်း နည်းသွားမှာပေါ့။ နောက်ဆုံး အကြွေးကင်းကင်းနဲ့ လူတိုင်း စိတ်အေးချမ်းသာစွာ နေနိုင်ကြမှာပေါ့” ဟု ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ ငါးမန်းဂိမ်း လောင်းကစား ရုံများ ပြန်ဖွင့်လာမှုများနှင့်အတူ ဆိုင်ကယ်ခိုးမှုများမှာ လစဉ်လတိုင်းကြုံနေရသည်ဟု မြို့ခံများက ဆိုသည်။ ထိုလောင်းကစားရုံများ ရှိလာပြီးနောက် မြို့အတွင်း အခိုးခံရသည့် ဆိုင်ကယ် အရေအတွက် အစီး (၁၅၀) နှင့် အစီး (၂၀၀) ကြား ရှိမည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုနေကြသည်။
အဆိုပါ ငါးမန်းဂိမ်း လောင်းကစားရုံများမှာ တောင်ကြီးမြို့ပေါ်ရှိ ကန်အောက်၊ စဝ်စံထွန်း၊ ဈေးပိုင်း၊ မြို့မ၊ ဦး ကြီးခန်း၊ ကံကြီး စသည့် ရပ်ကွက်များတွင် ဖွင့်လှစ်ထားကြပြီး လောင်းကစားရုံ စုစုပေါင်း ဆယ်ရုံကျော်ရှိမည်ဟု သိရသည်။
လောင်းကစားရုံ ပိုင်ရှင်များမှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး လောင်းကစားရုံ တစ်ခုစီတွင် ပိုက်ဆံထည့်ပေး သည့် မိန်းကလေး ဝန်ထမ်း ၁၀ ဦး၊ ဆိုင်ကယ်စောင့် လုံခြုံရေး ၂ ဦးနှင့် မန်နေဂျာလိုလို လူမိုက်လိုလို စောင့်ကြည့် နေသည့် ဂိုဏ်းစတား ၅ ဦးခန့် ရှိသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံအချို့က ပြောသည်။
လောင်းကစားရုံများသည် နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီ အချိန်ထိ ဖွင့်ပြီး လူစိမ်းများအဝင် မခံကြောင်းနှင့် ကစားသည့် လူများကိုလည်း ဓါတ်ပုံ ရိုက်ခွင့် မပေးကြောင်း သိရသည်။
ငါးမန်းဂိမ်းမှာ လောင်းကစားရုံများတွင် သာမက ကိုယ်ပိုင် မိုဘိုင်းဖုန်းများဖြင့်လည်း KBZ Pay, Wave Pay အကောင့်တို့နှင့် ချိတ်ဆက် ကစားနိုင်ကြောင်း သိရသည်။
ထိုသို့ လွယ်ကူစွာ မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက် ကစားနိုင်သောကြောင့် နယ်မှ လာသော တက္ကသိုလ်ကျောင်းသား များနှင့် လူငယ်အများစုလည်း ကစားနေကြပြီး လစဉ်အကြွေးများပိနေသည်ဟု မိဘများက ပြောသည်။
တရားမဝင် ငါးမန်းဂိမ်း ကစားသူများမှာ တောင်ကြီးမြို့အပြင် တစ်နိုင်ငံလုံးနီးပါးမှ လူပေါင်းစုံက ကစားနေကြ ကြောင်း လူမှုကွန်ယက် စာမျက်နှာ (Facebook) မှ တဆင့် သိနိုင်သည်။ ထိုသို့ တစ်နိုင်ငံလုံးနီးပါး ကစားနေကြ သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူခြင်း မရှိပေ။







