ရခိုင်လူငယ် ၁၄ ဦးမှာ ရှမ်း-တရုတ်နယ်စပ် လောက်ကိုင်တွင် အလုပ်အကိုင်ရမည်ဟုဆိုကာ ငွေ ကျပ် ၈၅ သိန်းကို ပွဲစားဖြစ်သူက လိမ်လည်သွားသဖြင့် လောက်ကိုင်ရောက်ပြီးမှ မိမိနေရပ် ရခိုင်ပြည်သို့ ပြန်လှည့်လာခဲ့ရသည်ဟု သတင်းရရှိသည်။
ယခုကဲ့သို့ ပွဲစားလိမ်လည်မှုကို ခံရသည့် ရခိုင်လူငယ်များမှာ ပုဏ္ဏားကျွန်း မြို့နယ်မှ ၁ ဦး၊ မင်းပြားမြို့နယ် ဂန်ချောင်ကျေးရွာမှ ၁၁ ဦးနှင့် အိုးပုံတောင် ကျေးရွာမှ ၂ ဦးဖြစ်ကြောင်း သိရှိရသည်။
ပွဲစား၏ အလိမ်ခံရသူ တစ်ဦးဖြစ်သူ ကိုထွန်းလင်းနိုင်က“ကျွန်တော်တို့ကို ရွာပွဲစား ကုလားမတောင်ရွာက လှမောင်သိန်းက ဆက်သွယ်ပြီး လောက်ကိုင်မှာ အလုပ်ရမယ်။ တစ်နေ့ တရုတ်ငွေ ၈၀ ရမယ်။ကိုယ့်အစားနဲ့ဆို တရက် ၁၀၀ ရမယ်ဆိုပြီး ဆက်သွယ်ပါတယ်။ သူ့အဆက်နဲ့ ကျွန်တော်တို့ လာတာ။ အခု ပိုက်ဆံလည်းပေးပြီးမှ အလုပ်မရတာကြောင့် လောက်ကိုင် ကနေ လားရှိုး၊ လားရှိုးကနေ အခု မန္တလေးကို ပြန်လာခဲ့ရပါတယ်။ အဲဒီမှာ နေစရာ စားစရာမရှိလို့ အိမ်က ငွေပြန်မှာပြီး ကျွန်တော်တို့ အခု မန္တလေးကို ပြန်လာနေပါပြီ။ အခု ကားပေါ်မှာပါ” ဟု ပြောသည်။
ပွဲစားဖြစ်သူနှင့် အဆိုပါလူငယ်များမှာ လောက်ကိုင်အရောက် ငွေကျပ် ၇ သိန်းနှင့်ဈေးတည့်သည့် အတွက် ဇွန်လ ၅ ရက်နေ့တွင် ဦးလှမောင်သိန်းမှ မန္တလေးကို ပို့လိုက်ပြီး မန္တလေးရှိ မောင်အေးသန်း ဆိုသူက လောက်ကိုင်ကို ပို့ပေးခဲ့ကြောင်း၊ လောက်ကိုင်ရောက်ပြီးမှ အဆက်အသွယ် လုပ်၍ မရတော့သဖြင့် အခက်အခဲကျရောက်ကာ ပြန်လာခဲ့ရကြောင်း ၎င်းတို့က ပြောသည်။
အဆိုပါ လူငယ်များမှာ ဇွန်လ ၆ ရက်နေ့ မန္တလေးရောက်ပြီးမှ ကိုမောင်အေးသန် ဆိုသူထံတွင် တစ်ဦးလျှင် ငွေ ၅ သိန်း၊ ၄သိန်းခွဲ၊ ၆ သိန်းစဖြင့် စုစုပေါင်း ကျပ်ငွေ ၈၅ သိန်းရှင်းပေးခဲ့ကြောင်း ကိုထွန်းလင်းနိုင်က ဆိုသည်။
သူတို့ လောက်ကိုင်တွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကိုလည်း ကိုထွန်းလင်းနိုင်က ယခုကဲ့သို့ ဆက်ပြော သည်။
“ ကျွန်တော်တို့ လောက်ကိုင်ရောက်သွားတော့ အဲဒီမှာ သူတို့အကြောင်း ကြားထားတဲ့ လူတစ်ယောက်က ကျွန်တော် တို့ကိုခေါ်လာတယ်။ ပြီးတော့အလုပ်နေရာတခုကို ခေါ်သွားတယ်။ အဲဒီမှာ ကျွန်တော်တို့ ခဏထိုင်နေတော့ ကျွန်တော်တို့ကို ခေါ်လာတဲ့သူလည်း ပျောက်သွားတယ်။ အဲဒီမှာ တရုတ်သူဌေးတွေက ကျွန်တော်တို့ကို မင်းတို့ဒီနေရာက ထွက်သွားလို့နှင်ထုတ်ခံရလို့ ကျွန်တော်တို့ထွက်လာရတယ်” ဟု ပြောဆိုသည်။
သူတို့မှာ နှင်ထုတ်ခံရသည့်အတွက် နေစရာမရှိစားစရာမရှိဘဲသွားလာနေစဉ် တနေရာတွင် ရခိုင်လူငယ် တစ်ဦးနှင့်တွေ့ပြီး သူ့အကူအညီနှင့် ပလောင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် တစ်ည အိပ်ခဲ့ရပြီး ထမင်း ၂ ထပ် ငတ်ခဲ့ရကြောင်းလည်း သူကပြောပြသည်။
နောက်ထပ် လောက်ကိုင်သို့ အလုပ်လုပ်ရန် လာမည့်သူများရှိနေသည့်အတွက် အသိ ပေးထားကြောင်းလည်း ကိုထွန်းလင်းနိုင်ကပြောသည်။
“ကျွန်တော် အဓိကပြောလိုတာကတော့ နောက်ထပ်ရခိုင်တွေ ကျွန်တော်တို့လို့ မဖြစ်အောင် ပြောချင်တာပါ။ သူတို့မှာကျွန်တော်တို့ မင်းပြားတစ်နယ်တည်း မဟုတ်ဘူး ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားတွေဘက်မှာလည်း အဆက် ရှိတယ်ပြောတယ်။ ဒီနေ့တောင် ပုဏ္ဏားကျွန်းက လူတွေ လိုက်လာတယ်လို့ ကြားတယ်။ ကျွန်တော်တို့ ကတော့ အသိပေးထားတယ်။ အကိုတို့မလာကြပါနဲ့ ကျွန်တော်တို့ ဒီလိုဒီလို အခက်အခဲကျတယ်ဆို တာမျိုးကိုပြောထားတယ်။”
ထို့ရခိုင်လူငယ်များမှာ လားရှိုးမှ လောက်ကိုင်သို့ ပို့ပေးခဲ့သည့် ကားဆရာကို ဆက်သွယ်ကာ မန္တလေးရောက်မှ ကားခရှင်းမည်ဟုဆိုကာ ကားဆရာ အကူအညီနှင့် ပြန်လာနေကြခြင်းဖြစ်သည်။
ရခိုင်ပြည်တွင် အလုပ်အကိုင်ရှားပါးမှုကြောင်း ရခိုင်လူငယ်အများစုမှာ တရုတ်၊ထိုင်းနှင့် မလေးရှား စသည့် နိုင်ငံများကို ပွဲစားများနှင့်ဆက်သွယ်ပြီး အလုပ်လုပ်ရန် သွားရောက်စဉ် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခံရခြင်းများရှိသကဲ့သို့ ပွဲစားလိမ်လည်ခြင်းများကို လည်း မကြာခဏ ကြုံတွေ့ နေကြရကြောင်းလည်း သိရှိရသည်။
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာနှင့် ရွှေလှိုင်ကျေးရွာမှ အမျိုးသား၊ အမျိုးသမီး ၈ ဦးတို့သည် မေလ ၁၄ ရက် မလေးရှားသွားရန် ငွေကျပ်သိန်း (၈၀) ပေးပြီးမှ ပွဲစား၏ လိမ်လည်မှုကို ခံခဲ့ရပြီး မွန်ပြည်နယ် ရေးမြို့မှတဆင့် ရန်ကုန်မြို့သို့ ပြန်လာကြရသည်ဟု ကာယကံရှင်များက ပြောသည်။







