ရခိုင်မှ လူဦးရေ ၇၄၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့သည်ဟု OCHA ပြော

ရခိုင်မှ လူဦးရေ ၇၄၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့သည်ဟု OCHA ပြော

ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၇၄၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ဇွန် ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံမြို့နယ်၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်တို့မှ လူဦးရေ ၇၄,၁၉၀ ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် စစ်ဘေးရှောင် ၄၅,၄၅၁ ဦးနှင့် စစ်ဘေးရှောင်မဟုတ်သူ ၂၈,၇၃၉ ဦးပါဝင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါလူဦးရေသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ် (HRP) က အကူအညီပေးရန် ရည်ရွယ်ထားမှု၏ ၁၂ ရာခိုင်နှုန်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဧပြီလအတွင်း မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံမြို့နယ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများ ခိုလှုံနေထိုင်ရာ IDP စခန်းအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုထားသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ နေရာ ၂၀ ကျော်တွင် နေရပ်စွန့်ခွာသူများ ခိုလှုံနေထိုင်ရာ အဆောင် ၄၈၅ လုံးနှင့် ကျောက်တော်မြို့နယ်အတွင်း ၁၈ နေရာနီးပါးတွင် ခိုလှုံနေထိုင်ရာ အဆောင်ပေါင်း ၈၆၄ လုံး ထိခိုက်ပျက်စီးစေခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါ ပျက်စီးမှုများကိုတုံ့ပြန်သည့်အနေဖြင့် UNHCR သည် ထိခိုက်ခံစားရသူများအတွက် တာပေါ်လင်များနှင့် အခြားအမိုးအကာပစ္စည်းများကို ဖြန့်ဝေခဲ့ပြီး အမိုးအကာများ ဆုံးရှုံးသွားသူများအား ထပ်ဆောင်းအကူအညီများပေးရန် မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဧပြီလတွင် လုပ်ငန်းအဖွဲ့၏ မိတ်ဖက်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်ရှိ အမ်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များရှိ စစ်ဘေးရှောင်စခန်း ၁၂၁ ခုအနက် ၉၇ ခုရှိ နေရပ်စွန့်ခွာနေထိုင်သူပေါင်း ၄၇,၅၀၂ ဦး အနက် ၄၃,၃၁၀ ကို ရေနှင့် သန့်ရှင်းရေးအကူအညီများ ပေးအပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင်လည်း ပေါက်တောမြို့နယ်ရှိ IDP စခန်း (၂) ခုတွင် မိတ်ဖက်အဖွဲ့တစ်ဖွဲ့မှ ရေထောက်ပံ့မှုပြုလုပ်ခဲ့ပြီး ရေလီတာ ၁ ဒသမ ၅ သန်းကို ကြိမ်နီပြင်စခန်းနှင့် လီတာ ၄၀၀,၀၀၀ တို့ အနောက်ရဲစခန်းတို့အား ထောက်ပံ့ပေးလျက်ရှိသည်ဟု ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူများ နေထိုင်ရာ နေရာ အားလုံး၏ ၄၄ ရာခိုင်နှုန်းသည် ရေဖြန့်ဖြူးမှုတွင် ကွာဟချက်ရှိခဲ့သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံအတွင်း နေရပ်ရွှေ့ပြောင်းနေထိုင်သူ ကလေးသူငယ်၊ အမျိုးသမီးနှင့် အမျိုးသား အရေအတွက်မှာ တစ်သန်းကျော်ပြီဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အရေအတွက်အတွင်း စစ်တပ်အာဏာသိမ်း လိုက်သော ယမန်နှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၇၀၀,၀၀၀ နီးပါးလည်း ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ - ရခိုင်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေသည်ကိုတွေ့ရစဉ်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...