မန်းတွင် ဆိုင်ခန်း ပြန်မဖွင့်ပါက သိမ်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

မန်းတွင် ဆိုင်ခန်း ပြန်မဖွင့်ပါက သိမ်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

မန္တလေးမြို့ရှိ အထင်ကရ ဈေးကြီးများရှိ ဆိုင် ခန်းများကို ပြန်မဖွင့်ပါက သိမ်းဆည်းမည်ဟု မြို့တော် စည်ပင်က ညွန်ကြားလာသည်ဟု ဆိုင်ခန်းပိုင်ရှင် များက ပြောသည်။

ဈေးချိုတော်၊ မန်းမြန်မာ ပလာဇာ နှင့် ရတနာပုံဈေးများရှိ ဆိုင်ခန်းများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထား ဖွင့်လှစ်ကြရန်နှင့် ပြန်မဖွင့်လျှင် ဆိုင်ခန်းများ သိမ်းဆည်းမည်ဟု မန္တ‌လေးမြို့‌တော် စည်ပင်သာယာ‌ရေး‌ကော်မတီက  ညွှန်ကြားလာခြင်း ဖြစ်သည် ဟု သိရသည်။

စစ်ကောင်စီသည် ကျောင်းများပြန်ဖွင့်ပြီး ဈေးများစည်းကားနေသည့် ပုံကို နိုင်ငံရေးအရ ပြသချင်ပုံရကြောင်း မြေပြင်တွင် ဓားထိုးလုယက် သတ်ဖြတ်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည့်အတွက် လုံခြုံရေးပိုင်း စိုးရိမ်နေရ သည်ဟု ရတနာပုံဈေးမှ အထည်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရတနာပုံဈေးမှ အထည်ဆိုင်ပိုင်ရှင် တစ်ဦးကလည်း “ဒီလိုအချိန်ကြီးမှာ ဈေးပိတ်ချိန် အိမ်ကို ဘယ်လို ပြန်ကြ မလဲ” ဟု ပြောသည်။

COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှ ယခုအချိန်ထိ ဆိုင်ပိတ်ထားသည်မှာ နှစ်နှစ်ကျော်ခန့် ရှိနေပြီဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ဘက်က ဝယ်လက်များဖြင့် ချိတ်ဆက်ရောင်းနေရခြင်း ဖြစ်သည် ဟု ဈေးချိုတော်တွင် အသင့်ချုပ်ပြီး ကျောင်းအင်္ကျီ ဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

ယခု စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ကျေးရွာများ ဆက်တိုက်မီးရှို့ခံရသဖြင့် ဝယ်လက် များဆုံးရှုံးကုန်ပြီး ဝယ်မည်သူမရှိဘဲ ဆိုင်ဖွင့်နေရသည့် ပုံစံမျိုးဖြစ်မည်ဟု အဆိုပါ ဆိုင်ပိုင်ရှင်က ပြောသည်။

ဈေးချိုတော်တွင် အသင့်ချုပ်ပြီး ကျောင်းအင်္ကျီ ဆိုင်ပိုင်ရှင်တစ်ဦး က “ကိုယ့်ဖောက်သည်‌တွေလည်း ရွာတွေ မီးရှို့ခံရလို့ ပြေးနေကြရတာများတယ်။ ဝယ်မယ့်သူမရှိဘဲ ဆိုင်တွေ သွားဖွင့်ရင်လည်း ငုတ်တုတ်ထိုင်နေရမှာဘဲ လေ။ မန်းလေးမြို့ပေါ်က ဖောက်သည်တွေကတော့ အိမ်လာ ဝယ်ကြ တာပေါ့” ဟု  ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းယူပြီး နောက်ပိုင်း မန္တလေးမြို့အတွင်း လုယက်မှုများ၊ လူသတ်မှုများ၊ တစ်နေ့ တစ် ခြား ပိုမို ဖြစ်ပွါးလာနေသည့်အတွက် ဒေသခံပြည်သူများမှာ နေ့စဉ် စိုးရိမ်ထိတ်လန့်နေကြရသည်ဟု မြို့ခံများက ပြောသည်။

ထိုသို့သော အခြေအနေများကြောင့်လည်း စျေးသည်များ ဆိုင်ဖွင့်ရန် လုံခြုံရေးပိုင်း စိန်ခေါ်မှုရှိနေသည့်အပြင် သာမာန်ပြည်သူများအနေဖြင့် အပြင်ထွက်ရန်ပင် စိုးရိမ်ကြောက်ရွံ့နေကြသည်ဟု သိရသည်။

လုံခြုံရေး အခြေအနေအပြင် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရောင်းသူရှိသော်လည်း ဝယ်သူမရှိသည့် အနေ အထားမျိုးတွင် အရှုံးခံ အပင်ပန်းခံပြီး စျေးဆိုင်များ ပြန်ဖွင့်ရန်ဆိုသည့် ကိစ္စမှာ ဈေးချိုတော်၊ မန်းမြန်မာ ပလာ ဇာ နှင့် ရတနာပုံဈေးတို့ရှိ ဆိုင်ခန်းပိုင်ရှင်များအတွက် မဖြစ်နိုင် ဟု ဆိုသည်။

မန္တလေးမြို့ရှိ အထင်ကရ ဈေးကြီးများရှိ ပိတ်ထားသည့်ဆိုင်ခန်းများကို ပြန်ဖွင့်ရန် စစ်ကောင်စီက ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တကြိမ် ဖိအားပေးခဲ့သည်များလည်း ရှိခဲ့သည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...