စာသင်ကျောင်းများ ဖွင့်နေပြီဖြစ်သော်လည်း ရခိုင်မှ စစ်ဘေးရှောင်ကျောင်းသားများ ကျောင်းမတက်နိုင်သေး

စာသင်ကျောင်းများ ဖွင့်နေပြီဖြစ်သော်လည်း ရခိုင်မှ စစ်ဘေးရှောင်ကျောင်းသားများ ကျောင်းမတက်နိုင်သေး

ရခိုင်ပြည်နယ်တွင် အခြေခံပညာရေးကျောင်းများကို စတင်ဖွင့်လှစ်နေပြီဖြစ်သော်လည်း စစ်ဘေးရှောင်စခန်းများမှ ကျောင်းသား၊ ကျောင်းသူ ကျောင်းမတက်နိုင်ကြသေးဟု ကျောင်းသားမိဘများက ပြောသည်။

မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိဘတစ်ဦးက "အခက်အခဲတွေကကျတော့ ကျောင်းသားတွေမှာ ကျောင်းဝတ်စုံတွေ မရှိသေးဘူး။ မနှစ်ကဆိုရင် ကျောင်းဆရာတွေက စစ်ဘေးရှောင်စခန်းမှာပဲ ပရဟိတအဖြစ် စာဝင်ပြီး သင်ပြပေးတယ်။ ဒီနှစ်ဆို ပရဟိတကျောင်းဆရာတွေ ဆရာမတွေလည်းမရောက်ဘူး။ အဲ့ဒီတော့ ဒီစင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထပြုလုပ်ထားတဲ့ ကျောင်းလည်း မဖွင့်ရသေးဘူး။ တာဝန်ခံပြီး ပြပေးမယ့် ဆရာတွေလည်း မရှိသေးဘူး။

ကျောင်းလည်း မဖွင့်သေးဘူး" ဟု ပြောသည်။

အလားတူ ကျောက်တော်မြို့ရှိ မဟာမုနိစစ်ဘေးရှောင်စခန်း၌လည်း ပြီးခဲ့သော မေလ ၉ ရက်က မီးဘေးသင့်ခဲ့၍ လူနေဆောင်များကိုပြန်လည်ပြုပြင်နေရဆဲဖြစ်၍ စခန်းတွင်းရှိ ယာယီစာသင်ကျောင်းများကို မဖွင့်နိုင်သေးဟု သိရသည်။

ယင်းအပြင် မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စခန်းချနေသည့် စကစ တပ်ဖွဲ့ဝင်များသည် ညဥ့်အချိန်တွင် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေ၍ အဆိုပါစခန်းမှစစ်ဘေးရှောင်များမှာ ထွက်ပြေးပုန်းရှောင်နေရသည့်အတွက် စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းမတက်နိုင်ကြသေးဟု စခန်းတွင်းရှိ ကျောင်းသားမိဘများက ပြောသည်။

အဆိုပါစခန်းမှ ကျောင်းသားမိဘအမျိုးသမီးတစ်ဦးက "မနှစ်ကဆိုရင် ကလေးတွေကို စစ်ဘေးရှောင်စခန်းမှာပဲ ကျောင်းထားတယ်။ ဒီနှစ်တော့ သေနတ်ပစ်ဖောက်နေလို့ ကလေးတွေကြောက်ပြီး ကျောင်းတွေလည်း မဖွင့်တော့ ဘယ်မှာထားရမလဲ မသိဘူး"ဟု ပြောသည်။

လတ်တလော ၄င်းတို့တွင် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများလိုအပ်နေပြီး ကျောင်းတက်ရန် အဆောင်များနှင့် ၄င်းတို့ကို စာသင်ပြမည့် ဆရာ၊ ဆရာမများလိုအပ်နေသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်ကို ဆက်သွယ်မေးမြန်းရာ မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင်များ ကျောင်းတက်နိုင်ရေးကိစ္စ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများကို တာဝန်ပေးထားသည်ဟု ပြောသည်။

ကျောက်တော်မြို့နယ် ညောင်းချောင်းစစ်ဘေးရှောင်စခန်းတွင်မူ စခန်းတွင်းရှိယာယီစာသင်ကျောင်းကိုဖွင့်လှစ်ထားပြီဖြစ်သော်လည်း စစ်ဘေးရှောင်မိဘများတွင် ငွေကြေးမတတ်နိုင်၍ သားသမီးများကို ကျောင်းမထားနိုင်ကြသေးဟု သိရသည်။

အဆိုပါစခန်းမှ  စခန်းတာဝန်ခံ ကိုဆန်းအေးက "ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းနေနိုင်ဖို့ ပရဟိတမိတ်ဆွေတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်သွားဖို့ စဉ်းစားထားတာတွေရှိတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများကို  ဇွန်လ ၂ ရက်မှစတင်ကာ ဖွင့်လှစ်နေပြီဖြစ်သည်။

ရခိုင်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ ကို ဖွင့်လှစ်လျက်ရှိသည်။

၂ဝ၁၇ ခုနှစ်မှစတင်ကာ ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့တွင်ပိတ်ထားရသည့် စာသင်ကျောင်း ၁၂၂ ကျောင်းကိုမူ ယခုနှစ်တွင်လည်း ဖွင့်လှစ်နိုင်ဦးမည်မဟုတ်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောဆိုထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...