ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ CDM ဝန်ထမ်းများကို Jobs for Kayah (JFK Team) မှ တစ်ဦးလျှင် ၅၀,၀၀၀ ကျပ် ထောက်ပံ့မည်ဟု သိရသည်။
အဆိုပါ အစီအစဉ်အရ ဇွန်လ ၂၀ ရက်နေ့မှ စ၍ ထောက်ပံ့သွားမည် ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့အထိ ရန်ပုံငွေ ရှာဖွေ စုဆောင်းသွားမည်ဟု သိရသည်။
JFK Team မှ တာဝန်ရှိသူ တစ်ဦးကလည်း “ဝန်ထမ်း အရေတွက်တော့ ရန်ပုံငွေပေါ် မူတည်ပြီး ကူပေးသွားဖို့ တော့ ရှိပါတယ်။ တစ်ယောက်ကို ၅၀၀၀၀ ကျပ်စီပါပဲ။ အပို ထပ်ဖြည့်ဖို့ရာ ကျနော်တို့ ရန်ပုံငွေ မလုံလောက်ပါ ဘူး။ တခြား ဘယ်အဖွဲ့အစည်းမှ ထောက်ပံ့တာမျိုး မဟုတ်ပါဘူး။ ကျနော်တို့ JFK Team ကိုယ်ပိုင် အစီအစဥ်နဲ့ ပါ။ အလှူရှင်တွေရဲ့ ရန်ပုံငွေရယ် ကျနော်တို့ Team ရဲ့ Page Admin ကနေပြီး သူ့စီးတော်ယာဥ်ကို ရောင်းလို့ရတဲ့ ငွေ ရယ် ပေါင်းပြီး ထောက်ပံ့တာမို့ ကယားပြည်နယ်က CDM အားလုံးတောင် ရချင်မှရပါမယ်။ ရအောင်တော့ ကြိုး စားနေပါတယ်” ဟုပြောသည်။
JFK Team ၏ ထောက်ပံ့မှုမှာ CRPH, NUG, NGOs, INGOs, ပြည်နယ်တွင်း လှုပ်ရှားနေသော နိုင်ငံရေး အဖွဲ့များနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့ အဖွဲ့၏ အစီအစဉ်ဖြင့်သာ ထောက်ပံ့သွားမည်ဟု သိရသည်။
အဆိုပါ ထောက်ပံ့မှု အစီအစဉ်တွင် ကရင်နီပြည်နယ်အတွင်းက CDM ဝန်ထမ်းများ သာမက နေပြည်တော် ကုတင်တစ်ထောင်၊ လယ်ဝေး၊ တပ်ကုန်း စသည့် နေရာများတွင် တာဝန်ကျပြီးနောက် CDM ပြုလုပ်ပြီး ကရင်နီ ပြည်နယ်သို့ နေရပ်ပြန်လာကြသည့် ဝန်ထမ်းများလည်း ပါဝင်သည်ဟု ဆိုသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် CDM ဝန်ထမ်း အယောက် ၈၀၀ ခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်ဟု JFK Team မှ တာဝန်ရှိသူက ဆိုသည်။ ယခင်က CDM ဝန်ထမ်း အယောက် ၈၀၀ မကရှိခဲ့ရာ ယခုနှစ်တွင် လုပ်ငန်းခွင်သို့ ပြန်ဝင်သွားသည့် ဝန်ထမ်း အနည်းငယ် ရှိသည်ဟုလည်း သိရသည်။
JFK Team ၏ အခြား တာဝန်ရှိသူ တစ်ဦးကလည်း “လက်ရှိ ကျန်ရှိနေသေးတဲ့ CDM တွေကို ကျနော်တို့ လေးစား ဂုဏ်ပြုပါတယ်။ CDM ဆိုတာ နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံးသော သူရဲကောင်းတွေပါ။ သူတို့သာ ပါမလာ ခဲ့ရင် ကျနော်တို့ အခုချိန်ထိ ရှိနေဖို့ မလွယ်ပါဘူး။ ဒါကြောင့်မလို့ ကျနော်တို့လည်း CDM တွေကို တတ်စွမ်း သ ၍ ကူပေးသွားပါမယ်။ အလှူရှင်တွေ အားလုံးကိုလည်း ကျနော်တို့ ကျေးဇူးတင်နေပါတယ်” ဟု ပြောသည်။
JFK Team အနေဖြင့် CDM ဝန်ထမ်းများကို ယခုမှ ပထမဆုံးအကြိမ် ထောက်ပံ့ခြင်း မဟုတ်ပဲ ယခင် ၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းကလည်း တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်စီဖြင့် CDM ဝန်ထမ်း အယောက် (၂၀၀) ကို ထောက်ပံ့ပေးခဲ့ သည်ဟု အဖွဲ့တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
JFK Team - Job For Kayah (ကယားပြည်နယ်အတွက် အလုပ်ကိုင် အခွင့်လမ်းများ) ဟု အဓိပ္ပာယ်ရသည့် အဖွဲ့ သည် စစ်တပ်က အာဏာမသိမ်းခင် လွန်ခဲ့သည့် (၅) နှစ်ခန့် ကတည်းက ကရင်နီ(ကယား) ပြည်နယ်ရှိ လူငယ်များ အတွက် အလုပ်အကိုင် အခွင့်လမ်းများကို လူမှုကွန်ယက် စာမျက်နှာ (Facebook) မှ တင်ဆက်ပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။







