စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေကြရသော ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့်၊ဆေးဝါးများ ဝယ်ယူလှူဒါန်းရန် နိုင်ငံတကာရောက် မင်းတပ်အဖွဲ့အစည်းများမှ ပေးပို့ခဲ့သော လှူဒါန်းငွေ အိန္ဒိယရူပီး ၉၆.၅ သိန်း (မြန်မာကျပ်ငွေ သိန်း ၂ ထောင် ကျော်)လိမ်လည်ခံရကြောင်း မီဇိုရမ်ပြည်နယ်ရှိ မင်းတပ်မြို့နယ်လူမှု့အဖွဲ့အစည်းများထံမှသိရသည်။
အဆိုပါငွေများကိုအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ရောက် NLD လွှတ်တော်အမတ်ဟောင်းတစ်ဦး၏ ထောက်ခံချက်အရ မြန်မာနွယ်ဖွား အိုင်ဇောလ်မြို့ခံ တစ်ဦး၏ ဘဏ်အကောင့်များသို့ ပေးပို့ခဲ့ကြကြောင်းသိရသည်။
အဆိုပါမြန်မာနွယ်ဖွား၊ အိုင်ဇောလ်မြို့ခံ၏အမည်မှာ မာန်လျန်နာ (Mangliana) (ခ) အဲမ်းမာ (Emma) ဖြစ်ကြောင်းသိရသည်။ ၄င်းသည်နိုင်ငံတကာမှ ပေးပို့သောငွေအိန္ဒိယ ရူပီး ၉၆.၅ သိန်းထုတ်ယူပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။ နိုင်ငံတကာရောက်မင်းတပ်အဖွဲ့အစည်းများမှပေးပို့ ခဲ့သော အဆိုပါ ငွေကြေးအားလုံးကိုဘဏ်အကောင့် ၃ ခုဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အတွင်းလွှဲပြောင်း ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်း နောက်ဆုံးနေထိုင်သွားခဲ့သော လိပ်စာမှာ Aizawl မြို့၊ Zarkawt A 31 ဖြစ်ကြောင်းသိရသည်။ မာန်လျန်နာ (Mangliana) ခေါ် အဲမ်းမာ (Emma) ၏ ဖခင်မှာ ထန်တလန်မြို့နယ်၊ Dawn ကျေးရွာဇာတိ၊ Pu Roland ဖြစ်ပြီးမိခင် ဖြစ်သူမှာဖလမ်းမြို့နယ်ဇာတိ၊ အမည် (စုံစမ်းဆဲ) ဖြစ်ကြောင်းသိရသည်။
ထွက်ပြေးတိမ်းရှောင်နေသူ မာန်လျန်နာ (Mangliana) (ခ) အဲမ်းမာ (Emma) သည်မွေးချင်း ၉ ဦး(ခန့်)အနက် အကြီးဆုံးသားဖြစ်ကြောင်းသိရသည်။ ၎င်း၏ဇနီးအမည်မှာ Lalinmawii (လာလ်အင်းမွဲအီး) ဖြစ်ပြီး ၃ နှစ်အရွယ် သမီးငယ်တစ်ဦးရှိကြောင်းသိရသည်။ ထိုသူသည် ယခင်က အိန္ဒိယ-မြန်မာ နယ်စပ်တွင် ကူးလူး၍ ကွမ်းသီး ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ငွေကြေး ပြဿနာနှင့်ပတ်သက်၍ နိုင်ငံတကာရောက် မင်းတပ် ချိုး အဖွဲ့အစည်း တစ်ခု ဖြစ်သည့် IMCO ခေါ် International Mindat K'Cho Organization ၏ တာဝန်ရှိသူ တစ်ဦးက " မြေပြင်မှာဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်တွေအတွက်ဆေးဝါးနဲ့စားနပ်ရိက္ခာမထောက်ပံ့နိုင်လို့သက်ကြီးရွယ်အိုတွေနဲ့ကလေးသူငယ်တွေအတိဒုက္ခရောက်နေကြတယ်။ " ဟုဆိုသည်။
ထို့နောက် ထိုကဲ့သို့ ငွေကြေး လိမ်လည်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ "IMCO အနေနဲ့အဆိုပါငွေတွေအတွက်အဲမာ(သို့)သူ့အမျိုးများထံကနေချိုးချင်းဓလေ့ထုံးတမ်းဥပဒေအရပြန်လည်ရရှိသည်အထိကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။" ဟူ၍ IMCO တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂၀၂၁ ၊ စက်တင်ဘာလ တွင်လည်း နိုင်ငံတကာ ရောက်မင်းတပ် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် CEA ကပေးပို့ခဲ့သော ထိုင်းဘတ်ငွေ ၈ သိန်းကျော်သည်လည်း လိမ်လည်ခံခဲ့ရဖူးသည်။ ထိုစဉ်ကလိမ်လည်ခံရသောငွေများကို ချင်း ဒေသတွင်း သတင်းမီဒီယာများ နှင့် သတင်းသမားများ၏ အကူအညီ ဖြင့် ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။







