စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှု တရားမဝင်ဘူးလို့ NUG ကြေညာ

စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှု တရားမဝင်ဘူးလို့ NUG ကြေညာ

အာဏာသိမ်း စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုတွေဟာ တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မူလပိုင်ရှင် ဖြစ်တဲ့ ပြည်သူလူထုထံမှ မတရားသဖြင့် လုယူဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်ကြောင်းနဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကမ္ဘာ့တရားခွင်မှာ ပြစ်ဒဏ်ချမှတ်ခံရမယ့် အဖွဲ့အစည်း လည်းဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူလူထုထံမှ တိုက်ရိုက်ဆင်းသက် အပ်နှင်းထားသော တရားဝင်အုပ်ချုပ်ခွင့်အာဏာ မရှိတဲ့အပြင် တိုင်းပြည်ကို လက်တွေ့ကျကျ နိုင်နင်းစွာအုပ်ချုပ်နိုင်သော အခွင့်အာဏာလည်း လုံးဝမရှိတဲ့ တရားမဝင် အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် စစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုမှန်သမျှ တရားမဝင်ကြောင်းနဲ့ အဲဒီဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUG အစိုးရအား ဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်း ရှိမည်မဟုတ်ကြောင်း NUG က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ဟာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီမှု ဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီက ပြည်ထောင်စုအစိုးရအလား စာချုပ်ဝင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူ ပြုနိုင်ခွင့် အလျဉ်းမရှိဘူးလို့ ဆိုထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)အဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးထားသလို ကျန်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့လည်း ထပ်မံ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...