ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်ကြဖို့ စစ်ကောင်စီက လက်အောက်ခံ ဝန်ထမ်း မိသားစုတွေကို လိုက်လံစည်းရုံးလာ

ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်ကြဖို့ စစ်ကောင်စီက လက်အောက်ခံ ဝန်ထမ်း မိသားစုတွေကို လိုက်လံစည်းရုံးလာ

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းသွားမယ့် ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်မယ့်သူ နည်းပါးနေတာကြောင့် လက်အောက်ခံ ဝန်ထမ်း မိသားစုတွေကို စစ်ကောင်စီက လိုက်လံစည်းရုံး လာတယ်လို့ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ ရပ်ရွာလုံခြုံရေး အဖွဲ့တွေ အမြန်ဆုံးဖွဲ့ဖို့ ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်မှာ အထူးအစည်းအဝေး ခေါ်ယူပြီးနောက် ရပ်ရွာ လုံခြုံရေးအဖွဲ့ကို ၂ ပတ်အတွင်း ဖွဲ့စည်းသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီက ဖွဲ့စည်းမယ့် ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်ဖို့ အမည်စာရင်းပေးထားတဲ့ အရပ်သား ပြည်သူ ၁၀ ဦးသာ ရှိပြီး အမည်စာရင်းပေးထားတဲ့သူတွေကလည်း စစ်တပ် ထောက်ခံသူတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် စစ်ကောင်စီက လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအကဲ တွေကတဆင့် သက်ဆိုင်ရာဌာန အသီးသီးက ဝန်ထမ်းတွေနဲ့ အသက် ၁၈ နှစ်နဲ့အထက် မိသားစုဝင် အမျိုးသားတွေကို ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်ကြဖို့ စည်းရုံးလာတယ်လို့ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ထွေအုပ်နဲ့ ရဲဘက်ကတော့ ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်မယ့်သူတွေအနေနဲ့ တိုက်ပွဲ ထွက်စရာ မလိုကြောင်းနဲ့ ပါဝင်ကြမယ့် ဝန်ထမ်းမိသားစုတွေကိုလည်း သက်ဆိုင်ရာမြို့နယ်နဲ့ တပ်ဘက်ကနေ ငွေကြေးနဲ့ လိုအပ်တဲ့ သင်တန်းတွေကို လစဉ်ကူညီထောက်ပံ့သင်ကြားပေးသွား မယ်လို့ ပြောဆို စည်းရုံးလာတာပါ။

စစ်ကောင်စီက ဖွဲ့စည်းမယ့် ရပ်ရွာလုံခြုံရေးအဖွဲ့မှာတော့ ပြည်သူ့စစ်၊ စစ်မှုထမ်းဟောင်း၊ ရပ်ကျေး အရန်မီးသတ်တပ်ဖွဲ့နဲ့ အရပ်သားပြည်သူတွေ ပါဝင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ စစ်ကောင်စီက ရပ်ရွာလုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဟာ ပြည်သူအချင်းချင်း ပြန်တိုက်ခိုက်ခိုင်းတာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...