ရှေ့နေများ နားနေဆောင် ဗုံးကွဲ၊ လူ ၄ ဦး ဖမ်းခံရ

ရှေ့နေများ နားနေဆောင် ဗုံးကွဲ၊ လူ ၄ ဦး ဖမ်းခံရ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် တရားရုံး ရှေ့နေများ နားနေဆောင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၄ ဦးခန့် ဖမ်းဆီးခံထားလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

မေလ ၃၀ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က မြို့နယ်တရားရုံး၏ အရှေ့ဖက်ရှိ ရှေ့နေများ နားနေဆောင်တွင် မည်သူမှ မရောက်သေးသည့် အချိန်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် မြို့ခံ ရှေ့နေ တစ်ဦးက “ဘယ်သူမှ မရောက်သေးလို့ တော်သေးတယ်။ အဆောင်တော့ အနည်းအကျဥ်း ပျက်စီးတာရှိတယ်” ဟု ပြောသည်။

ထိုဖောက်ခွဲမှုအား မည်သည့်အဖွဲ့အစည်း က ပြုလုပ်ခဲ့သည်ကို သတင်းနှင့်မီဒီယာကွန်ယက် ဌာနအနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်တပ်နှင့်ရဲများက လမ်းများကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး ရုံးလမ်းတွင် ဆိုင်ကယ်စီး လာသူ ၄ ဦး ကိုလည်း ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

မြို့ခံတစ်ဦး က “ဗုံးပေါက်တိုင်း မဆိုင်တဲ့သူတွေ အဖမ်းခံနေရတယ်။ အခုလည်း ဘယ်သူလုပ်တယ် မသိဘဲနဲ့ စွတ်ဖမ်းနေပြီ” ဟု ပြောသည်။

ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ စက်တင်ဘာလမှ စတင်၍ ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားလာခဲ့ပြီး Mytel ဖုန်းတာဝါတိုင်၊ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးအချို့နှင့် ရဲစခန်းတို့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ် များ ရှိသည်ဟု မြို့ခံများက ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့ ကလည်း ဝါးခယ်မမြို့ လဝကရုံးတွင် အမည်မသိသူအချို့က ထောင်ထားသည့် ဗုံးနှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့မှ ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည် ဟု ယင်းရုံးဝန်ထမ်း အချို့၏ ပြောပြချက်အရ သိရသည်။

လဝကရုံးအတွင်း ဗုံးတွေ့ရှိမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများ အနက် အချို့ကို ငွေတောင်း၍ ပြန်လွှတ်ပေးပြီး၊ ငွေမပေးနိုင်သူ အချို့ကို ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုခံထားရသည်ဟု ဒေသခံအတွင်းရှိ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများကွန်ရက် အဖွဲ့ထံမှ သိရသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...