ကျောက်တော် ရုပ်သားရွာတွင် မိုင်းထိ၍ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံး

ကျောက်တော် ရုပ်သားရွာတွင် မိုင်းထိ၍ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာတွင် ယနေ့နံနက်က မိုင်းထိ၍ အသက် ၇၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

မိုင်းထိသေဆုံးသွားသူမှာ ဒေါ်တင်သိန်းဖြစ်ပြီး ယနေ့ မေလ ၃၁ ရက် နံနက် ၇ နာရီက ရွာနှင့် ကိုက် ၂ဝဝဝ ခန့်အကွာရှိတောင်သို့ ဟင်းရှာသွားစဉ် မိုင်းထိသေဆုံးသွားခြင်းဖြစ်ကြောင်း ရုပ်သားကျေးရွာသားတစ်ဦးက နိရ ဉ္စရာသို့ပြောသည်။

"မိုင်းထိသွားလို့ ကျနော်တို့က ဆေးရုံကိုပို့ဖို့အတွက် စက်လှေပေါ်ကိုတင်တဲ့အခါမှာ အသက်ဆုံးသွားတာပါ။ အဲဒီနေရာမှာ အရင်ကလည်း ကျွဲ၊ နွားတွေ မိုင်းထိပြီးဆုံးသွားတယ်။ အဲဒီနေရာက အရင်တုန်းက နယ်မြေရှင်းလင်းရေးဝင်လုပ်ခဲ့တဲ့ နေရာပါ။ ပြီးတော့ သူတို့အဲဒီတောင်တွေမှာ မိုင်းတွေထောင်ထားခဲ့တယ်။ အခုက အဲဒီတောင်တွေကို မသွားရဲကြတော့ဘူး။ လုပ်ကိုင်စားသောက်ဖို့ကလည်း အဲဒီဘက်တွေကို မသွားရတော့ အလုပ်ကျပ်တည်းတယ်"ဟုပြောသည်။

မိုင်းထိသေဆုံးသွားသည့်အမျိုးသမီးတွင် ဘယ်ဘက်ခြေထောက်သည် ပေါင်ရင်းမှပြတ်ထွက်သွားကာ ကြွက်သားအုံသာကျန်ခဲ့ပြီး ညာဘက်ခြေထောက်တွင်လည်း ဒူးရင်းမှ ပြတ်တောက်သွားခဲ့ကြောင်း ရွာသားများက ပြောသည်။

အဆိုပါမိုင်းထိခဲ့သည့်နေရာသည် ယခင်က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ် မြန်မာစစ်တပ် တပ်စွဲခဲ့သောနေရာဖြစ်ပြီး နောက်ပိုင်း မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ရာတွင်လည်း ယင်းနေရာပါဝင်ခဲ့ကြောင်း ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောသည်။

"အရင်တုန်းက မြန်မာစစ်တပ်တပ်စွဲခဲ့တဲ့နေရာတွေ၊ နောက်ပြီးတော့ မြန်မာစစ်တပ်က မိုင်းရှင်းလင်းရေးအစီအစဉ်တွေလုပ်တုန်းကလည်း အဲဒီနေရာတွေဟာ မိုင်းရှင်းလင်းရေးအစီအစဉ်တွေမှာပါဝင်ခဲ့တယ်။ ဆိုလိုတာက အဲဒီနေရာတွေဟာ တရားဝင်မိုင်းရှင်းလင်းပြီးသားနေရာတွေပေါ့နော်။ နောက်ပြီးတော့ အဲဒီနေရာမှာ အရင်ကလည်း မိန်းမတစ်ယောက် မိုင်းထိတယ်။ အခုလည်းတစ်ယောက် မိုင်းထိသေတယ်။ ကျွဲ၊ နွားတွေလည်း သုံးလေးကောင်ထိပြီ။ ရွာနဲ့လည်းနီးတော့ အဲဒီရွာသားတွေအနေနဲ့ အပြင်ထွက်ပြီး ရှာစားဖို့က အရမ်းစိုးရိမ်စရာဖြစ်သွားပြီ" ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်၊ သင်္ကြန်အတက်နေ့ကလည်း နာဂရာကျေးရွာနှင့် ရုပ်သားကျေးရွာတို့အကြား စစ်တပ်တပ်စွဲထားသည့် ဘီလူးကြီးတောင်တွင်မိုင်းပေါက်ကွဲမှုဖြစ်ပြီး စစ်သားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် မိုင်းထိ၍သေဆုံးသွားသူ၏ရုပ်အလောင်းကို ကျောက်တော်ပြည်သူ့ဆေးရုံ၏ ရင်ခွဲရုံတွင် ထားရှိပြီး ယနေ့နေ့လယ်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

သူမသည် ရုပ်သားကျေးရွာတွင် သမီးဖြစ်သူနှင့်အတူနေထိုင်သူဖြစ်သည်ဟုလည်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...