စစ်ကောင်စီနဲ့ အချက် ၇ ချက် သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြော

စစ်ကောင်စီနဲ့ အချက် ၇ ချက် သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြော

အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါတီစုံဒီမိုကရေစီနစ် ခိုင်မာအောင် တည်ဆောက်သွားဖို့နဲ့ မွန်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်ပေးဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ၃ ရက်ကြာ နေပြည်တော်မှာ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါတီစုံဒီမိုကရေစီနစ် ခိုင်မာအောင် တည်ဆောက်သွားဖို့ ၊ ပါတီစုံ ဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့ အပါအဝင် မွန်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်ပေးဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ် ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ်။

“ ၇ ချက်ထဲမှာ အဓိကအကြောင်းအရာက ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရယ်၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက် သွားဖို့ဆိုတဲ့ (၂)ချက်က အဓိကဖြစ်ပါတယ်။ ကျန်တာကတော့ မွန်လူမျိုးရေးရာကိစ္စတွေမှာ ဒေသ ဖွံ့ဖြိုးရေးကိစ္စတွေရယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေပါတယ်”လို့ မွန်ပြည်သစ် ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် မွန်လူမျိုးတွေ အများစု နေထိုင်နေတဲ့ အစိုးရစာသင်ကျောင်းတွေက မူလတန်းအဆင့်မှာ မွန်ဘာသာ တစ်ဘာသာ ထည့်သွင်းသင်ကြားနိုင်အောင် မူဝါဒ ချမှတ် အကောင်အထည်ဖော်ပေးဖို့၊ မွန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရနဲ့ ချိတ်ဆက် ဆောင်ရွက်သွားဖို့ အချက်တွေကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အားရကျေနပ်မှု ရှိပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမဲ့ ကိစ္စရပ်အတွက် လေ့လာ စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။

“အစပျိုးမှုအပိုင်းမှာ အားရမှုရှိတယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ အကောင်အထည်ဖော်မှုမှာ ဘယ်လောက်အကောင်အထည်ဖော်နိုင်မလဲ။ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်အကျိုးပြုမှု ၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ရယ် ကျွန်တော်တို့ကို ဘယ်လောက် ပံ့ပိုးမှုပေးမလဲဆိုတာကို အချိန်ယူပြီးတော့ လေ့လာစောင့်ကြည့်ရအုံးမယ်”လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ထပ်မံပြောပါတယ်။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာတော့ မွန်ပြည်သစ်ပါတီက တင်ပြထားတဲ့ မွန်အမျိုးသား နေ့ကို တရားဝင် ရုံးပိတ်ရက် ရရှိရေးနဲ့ မွန်သံဃာတော်တွေရဲ့ ရာမညနိကာယဂိုးဏ်ကို တရားဝင် သံဃအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရေး စတဲ့ ကိစ္စရပ်တွေကိုတော့ မှတ်တမ်းအဖြစ် ထားရှိခဲ့ပါတယ်။

မွန်လူထုအကြားမှာတော့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတက်တဲ့အပေါ် သဘောထားလွဲလွဲမှုတွေ ရှိနေပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မွန်ပြည်သစ်ပါတီဟာ NLD အစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...