ပလက်ဝတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အသက်အန္တရာယ်ထိခိုက်မည်ကို ဒေသခံများစိုးရိမ်

ပလက်ဝတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အသက်အန္တရာယ်ထိခိုက်မည်ကို ဒေသခံများစိုးရိမ်
ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်
ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်

ပလက်ဝမြို့နယ် အနောက်ဘက်ကမ်းရှိ အဘောင်သားကျေးရွာအနီးတွင် ယနေ့(မေလ ၂၆ ရက်) နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် အသက်အန္တရာယ်ထိခိုက်မည်ကို ဒေသခံများစိုးရိမ်နေကြသည်။

အဘောင်သားကျေးရွာနှင့် သုံးဖာလုံခန့်ဝေးကွာသော ဆူးပုတ်တောင်ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ပလက်ဝမြို့အနီးရှိ ခလရ ၂၈၉ စခန်းမှလည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း သိရသည်။

အဆိုပါပတ်ဝန်းကျင်တွင် ညနေ ၃ နာရီအချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်သံများ ထွက်ပေါ်နေဆဲဟု အဘောင်သားကျေးရွာအနီးရှိ ကန့်လေကျေးရွာသားတစ်ဦးက DMG ကိုပြောသည်။

“ရွာထဲမှာဖြစ်တာမဟုတ်လို့ လူတွေက ပြေးဖို့မလုပ်ကြသေးပါဘူး။ ရွာအနားမှာဖြစ်လာရင်တော့ ပလက်ဝကို ပြေးမလို့တော့ ခန့်မှန်းထားပါတယ်။ အထုပ်တွေတော့ ထုတ်နေကြပါတယ်။ ပြေးဖို့လမ်းက ပလက်ဝဘက်ကို တစ်လမ်းပဲရှိပါတယ်”ဟု ၎င်းကဆိုသည်။

ယခင်စစ်ရေးပြင်းထန်စဉ်ကာလ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်များတွင် ယင်းကျေးရွာအနီးတို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် ယခုလည်း တိုက်ပွဲကြီးများဖြစ်လာမည်ကို စိုးရိမ်၍ အချိန်မီရှောင်ပြေးနိုင်ရန် စီစဉ်ထားကြသည်ဟု ၎င်းကဆက်လက်ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း “တိုက်ပွဲတွေ ပြင်းထန်လာမှာတော့ ကြောက်တာပေါ့။ ပြေးဖို့နေရာလည်းမရှိ။ ဘယ်ကိုပြေးရမှာလဲ။ ပြေးမဲ့နေရာလည်းမရှိဘူးလေ။ စက်လှေတွေလည်း မသွားရ။ ကိုယ့်အိမ်မှာပဲကိုယ် နေရမှာပေါ့”ဟု ပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် အဘောင်သားကျေးရွာကို ပလက်ဝမြို့မှ သွားလျှင်ရောက်နိုင်သည်။ ယင်းရွာတွင် အိမ်ခြေ ၁၂၀ နှင့် လူဦးရေ ၅၀၀ ခန့်နေထိုင်ကြသည်။

တိုက်ပွဲဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။ ထို့ပြင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကိုလည်း DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ရခိုင်ပြည်တွင် နှစ်နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလပထမပတ်တွင် တိုက်ပွဲ ရပ်တန့်ခဲ့သည်။ သို့သော် ၂၀၂၁ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုရှိလာသည်။ လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တစ်ဖက်နှင့်တစ်ဖက် ပြစ်တင်ဝေဖန်မှုများရှိနေကာ စစ်ရေးတင်းမာလျက် ရှိနေသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...