မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ဆန်ဈေးနှုန်း အဆမတန် မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆန်ဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က ပေါ်ဆန်း တစ်အိတ်ကို ကျပ် ၃၂၀၀၀ လောက်သာ ရှိပြီး စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း တစ်အိတ် ကျပ် ၅၄၀၀၀ ထိ၊ တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ ဈေးနှုန်း မြင့်တက်လာတာပါ။
ဒါ့အပြင် ဆန်ကြမ်းအုပ်စုဝင် ဧည့်မထကလည်း တစ်အိတ်ကို ကျပ် ၂၅၀၀၀ ကနေ ကျပ် ၃၄၅၀၀ ထိ တစ်အိတ်လျှင် ကျပ် ၁၁၅၀၀ ဈေးနှုန်း မြင့်တက်လာပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်းဟာ မွန်ပြည်နယ်မှာ စံချိန်တင် ဈေးနှုန်း တစ်ခုထိ ရောက်ရှိလာခဲ့ပါတယ်။
ဆန်ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး မမှန်တာ၊ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် အပါအဝင် အထွေထွေကုန်ကျစရိတ် ပိုမို ကြီးမြင့်လာတဲ့အတွက် ဈေးနှုန်း မြင့်တက်လာရတာ ဖြစ်တယ်လို့ ဆန်ကုန်သည် တစ်ဦးက ပြောပါတယ်။
“ အဓိကတော့ စက်သုံးဆီပေါ့၊ စက်သုံးဆီက မြင့်တယ်၊ နောက်တစ်ခါကျတော့ လျှပ်စစ်တွေက မီးက မမှန်ဘူး၊ မီးနဲ့လည်ရတဲ့ စက်တွေက ဥပမာ သူ့လုပ်ငန်း မရပ်ဖို့အတွက် ဆီနဲ့လည် ဒီဇယ်နဲ့လည်ရရင် တစ်ခါ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တယ်၊ ဈေးတွေက အဲ့မှာ ကြိတ်ခွဲခတွေမှာ တက်တယ်၊ ကြိတ်ခွဲခတွေမှာ တက်ပြီး သွားတဲ့အပြင်ကို တစ်ခါ ဈေးကွက်ကို ပို့ရတဲ့ အခါကျတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေက တက်တယ်၊ အဲ့ဒီ အပေါ်တွေမှာ မူတည်ပြီးတော့ ဈေးနှုန်းတွေက သူဟာနဲ့ လိုက်ပြီးတော့ မြင့်တက်လာတာလေ”လို့ ဆိုပါတယ်။
ဒါ့အပြင် အခုကာလဟာ စပါးစိုက်ပျိုးတဲ့ ကာလ ဖြစ်တာကြောင့် စပါးလက်ကျန် နည်းလာတဲ့ အတွက် စပါးဈေးနှုန်း ထပ်မံ မြင့်တက်လာဖို့ ရှိနေတယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ဆန်ဈေးနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသလို ဝယ်ယူစုဆောင်းသူ မရှိလောက် နည်းပါးနေပါတယ်။
ဆန်ဈေးနှုန်းတွေ ကြီးမြင့်လာပေမယ့် စပါးစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ ကာလအတွင်း စိုက်ပျိုးသုံး သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရပါတယ်။
မွန်ပြည်နယ်ဟာ နှစ်စဉ် စပါးဧက ၇ သိန်းကျော် ရှိတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး နှစ်စဉ် စပါးတန်ချိန် ၄ သိန်းကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။







