AA ထံရိက္ခာရောက်မည်စိုးရိမ်၍ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ထား သဖြင့် ဒါးလက်ချောင်းဒေသခံများ ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလှိမ့်ခံနေရ

AA ထံရိက္ခာရောက်မည်စိုးရိမ်၍ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ထား သဖြင့် ဒါးလက်ချောင်းဒေသခံများ ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလှိမ့်ခံနေရ

ရက္ခိုင့်တပ်တော် ( AA) သို့ ရိက္ခာများရောက်ရှိသွားမည်ကို စိုးရိမ်ကာ စစ်ကောင်စီတပ်ဖွဲ့က သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ ထားသဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်း အုပ်စုရှိ ကျေးရွာပေါင်း ၅ဝ ကျော်မှ ဒေသခံပြည်သူများမှာ ကုန်စျေးနှုန်း ကြီးမြင့်မှု ဒဏ်ကို အလူးအလှိမ့်ခံနေရကြောင်း ဒေသခံများက ပြောဆိုသည်။

“ အခု ဒါးလက်ချောင်းအုပ်စု၊ အလယ်ကျွန်းကျေးရွာမှာဆိုရင် ကောက်ကြီး ဆန်တစ်တောင်းကို အရင် ငွေကျပ် ၈၀၀၀ ၊ ငွေကျပ်တစ်သောင်းနဲ့ တောင်ဝယ်လို့မရဘူး။ ဒါးလက်မြောက် ကျနော်တို့ ရွာမှာဆိုရင် အရင်က ပေါ်ဆန်းမွေးဆန် ၂ တောင်းအိတ် တစ်အိတ်ကို ငွေနှစ်သောင်းကျော်၊ အခု ကျပ်ငွေသုံးသောင်းကျော်ပေးဝယ်နေရတယ်” ဟု ဒါးလက်မြောက်ရွာ ဒေသခံ တစ်ဦးက ပြောသည်။

ဒါးလက်ချောင်းဒေသတွင် ကျေးရွာပေါင်း ၅၀ ကျော် တည်ရှိပြီး ချင်းလူမျိုး ၇၀ ရာခိုင်နှုန်းနှင့် ရခိုင်လူမျိုး ၃၀ ရာခိုင်နှုန်းနေထိုင်လျက်ရှိကာ မေလ ၆ ရက် နေ့မှ စတင်ကာ ဆန်တင်ပို့သော ကားလမ်းများနှင့် ရေလမ်းများကို စစ်ကောင်စီ တပ်က ပိတ်ပင်တားမြစ်ထားသည်ဟု သိရသည်။

ဒါးလက်အလယ်ကျွန်းကျေးရွာမှ ဒေသခံတစ်ဦးက "အခုတော့ရိက္ခာတွေ နည်းနည်းပါးပါး သွင်းလို့ ရနေတာမြင်ပါတယ်။ ကားလမ်းကနေ အလယ်ကျွန်း လောက်အထိဘဲရတော့ အလယ်ကျွန်းမှာဘဲ ချရတယ်။ အလယ်ကျွန်း အထိတော့ စစ်တပ်ခွင့်ပြုချက်နဲ့ အနည်းအကျဉ်း သွင်းလို့ရနေတယ်” ဟု ပြောသည်။

လက်ရှိ အချိန်တွင် ၎င်းဒေသရှိ အများစုပြည်သူများမှာ အလုပ်အကိုင် အတည်အကျမရှိကြဘဲ သီဟိုဋ်စေ့ကောက်၊ မျှစ်ရှာကာ ရှာဖွေ စားသောက် နေကြရပြီး ကုန်စျေးနူန်းကြီးမြင့်မှုဒဏ်ကို အလူးအလှိမ့် ခံစားနေကြရသည်ဟု ဆိုသည်။

“ ဒီဘက်ကလူတွေကတော့ ဒီအချိန် သီဟိုဋ်စေ့ ပေါတဲ့ အချိန်ဆိုတော့ သီဟိုဋ်စေ့ကောက်တယ်။ မျှစ်ရှာပြီးစားနေကြရတယ်ပေါ့နော်။ အခုလို ဆန်အပါအဝင် ကုန်စျေးနှုန်းတွေ အရမ်းတက်တော့ ဒီဒဏ်ကို ဒေသခံတွေ အလူးအလှိမ့် ခံနေရကြရပါတယ်" ဟုပြောသည်။

လက်ရှိ ပေါ်ဆန်းမွှေး ဆန်လေးတောင်းအိတ်ကို ကျပ်ခြောက်သောင်းကျော်၊ အလယ်အလတ် အမျိုးအစား ဆန်တစ်အိတ်ကို ငါးသောင်းကျော်၊ Good စားသုံးဆီတစ်ဘူး အရင်က ၁၈၀၀၊ ၂ဝဝဝလောက်ရှိခဲ့ရာက ယခုလက်ရှိ ၅၀၀၀ ကျပ်ထိ ပေးရသဖြင့် ဆင်းရဲသား လက်လုပ်လက်စားများအနေဖြင့် စားဆီကိုတောင် ဝယ်မစားနိုင်ကြဟု ဆိုသည်။

၎င်းဒေသသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသတစ်ခုဖြစ်ပြီး အများစုဒေသခံများသည် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်ခဲ့ကြရသူများ ဖြစ်ကြသည်။

တိုက်ပွဲမရှိတော့၍ မိမိဒေသသို့ ပြန်လာကြရာတွင်လည်း မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များ အန္တရာယ်များကို စိုးရိမ်ရ၍ ဥယျာဉ်၊ခြံမြေများကိုလည်း ပုံမှန်အတိုင်းသွားရောက် လုပ်ကိုင်နိုင်ခြင်း မရှိသလို ယခုလို စစ်တပ်က ရိက္ခာများကို ဖြတ်တောက်ထား၍ စားဝတ်နေရေးလည်း အထူး အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ဒေသတစ်ခု ဖြစ်နေကြောင်း အမ်းမြို့နယ်မှ လူမှုရေး လူပ်ရှားသူများက ပြောသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...