တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်ခေါင်းဆောင်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီပြော

တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်ခေါင်းဆောင်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီပြော

တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာဏာသိမ်းစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်သစ် ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ မေလ ၂၃ ရက်နေ့က နေပြည်တော်မှာ ၂ နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အပါအဝင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ သီးခြားရေးဆွဲပြဌာန်းနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။

“ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံရေးဆွဲဖို့အတွက် လက်ခံထားပြီးသားဖြစ်တယ်။ သူတို့လက်တွေ့ လုပ်ဆောင်ဖို့ပဲဖြစ်တယ်။ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကလည်း လက်ခံထားပြီးသားဖြစ်တယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကလည်း လေးလေးနက်နက်လက်ခံထားပြီးဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ အားလုံးသဘောတူပါတယ်” လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီက လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကြံပြုချက် ၃ ချက် တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအကြုံပြချက်တွေမှာတော့ ငြိမ်းချမ်းရေးဆွေးဆွေးဖို့ တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့အပြင် တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း ဒါမှမဟုတ် ပြည်ပ တစ်နေရာမှာ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးနိုင်ဖို့နဲ့ နိုင်ငံရေးပါတီအားလုံး နဲ့လည်း တွေ့ဆုံဆွေးနွေး နည်းလမ်းရှာသွားဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေး ပြည်တွင်းပဋိပက္ခမှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ပြီး တွေ့ဆုံ ဆွေးနွေးအဖြေရှာသွားဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကြံပြုတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ထပ် ၂ ရက် ကျန်ရှိနေတာကြောင့် အောင်မြင်မှု ရှိနိုင်လားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။

“နောက်ထပ်(၂)ရက် ဆွေးနွေးမှုကို ကြည့်ပြီးတော့မှပဲ လာမဲ့ရှေ့အလားအလာအောင်မြင်မှု အတိုင်းအတာရှိမယ်ဆိုတာ ပြောနိုင်မယ်။ (၂)ရက်ဆွေးနွေးမှုလည်းရှိသေးတယ်ဆိုတော့ လောလောဆယ် ပြောရတော့ ခက်နေမယ်။ လုပ်ငန်းဆောင်ရွက်မှုမှာ အောင်မြင်မှုရှိ/မရှိ အသေးစိတ်ဆွေးနွေးမှုမှာ ဘယ်လောက် ကြန့်ကြာမှုရှိ/မရှိ ဆိုတာလည်း စောင့်ကြည့်ရအုံးမယ်”လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ထပ်မံပြောပါတယ်။

စစ်‌ခေါင်း‌ဆောင်နဲ့ ဆွေးနွေးမှုတွေအပေါ် အခြေခံပြီး အသေးစိတ်လုပ်ငန်းစဉ်တွေကို မေ ၂၄ နဲ့ ၂၅ ရက်နေ့တို့မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

မွန်ပြည်သစ်ပါတီဟာ NLD အစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီက စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားတက်ရောက်တဲ့အပေါ် မွန်လူထုကြား သဘောထားကွဲလွဲမှုတွေ ရှိနေသလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...