စစ်တပ်က အင်းအားအများအပြားဖြင့် ၀င်ရောက်လာမှုကြောင့် ဒေသခံ ၃၀၀ ကျော် နယ်စပ်သို့တိမ်းရှောင်

စစ်တပ်က အင်းအားအများအပြားဖြင့် ၀င်ရောက်လာမှုကြောင့် ဒေသခံ ၃၀၀ ကျော် နယ်စပ်သို့တိမ်းရှောင်
မေလ ၂၃ ရက်နေ့က၊ ထားဝယ်မြို့နယ်၊ ဝါးတောကျေးရွာသားများ ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြစဉ်။
မေလ ၂၃ ရက်နေ့က၊ ထားဝယ်မြို့နယ်၊ ဝါးတောကျေးရွာသားများ ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြစဉ်။

ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်သည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကားလမ်းအနီးရှိ ကျေးရွာများသို့ မြန်မာစစ်တပ်က အင်အားအများအပြားဖြင့်ဝင်ရောက်လာမှုကြောင့် ဒေသခံများမှာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထားဝယ်-မေတ္တာ-ထီးခီးလမ်းမအနီးရှိ ဝါးတော၊ အိုင်ဝိုင်း၊ ဆင်ဖြူတိုင်၊ ထီးထနှင့် လောအောကျေးရွာများသို့ မေလ ၂၃ ရက်နေ့တွင် ထားဝယ်မြို့အခြေစိုက် တပ်ရင်း ၁၀၃ နှင့် တပ်ရင်း ၃၈၂ တို့မှ စစ်သားအင်အား အများအပြားဖြင့် ဝင်ရောက်လာ၍ ဒေသခံများထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီရေး အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

"ကျေးရွာ ၅ ခုကို စစ်တပ်က အင်အားအများကြီးနဲ့ စစ်ကြောင်းထိုးလာတယ်။ အင်အား ၂၀၀ ကျော်တယ်။ ထားဝယ်အခြေစိုက်က တပ်ရင်းနှစ်ခုပေါ့။ လောလောဆယ် ဒေသခံရွာသား ၃၀၀ ကျော်လောက် ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင်လာပါတယ်"ဟု ၎င်းကဆိုသည်။

ထိုသို့တိမ်းရှောင်လာသည့် ဒေသခံများထဲမှ ဝါးတောကျေးရွာသား ၁၆၈ ဦးမှာ ထိုင်းနယ်စပ်သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ထိုင်းနယ်ခြားစောင့်တပ်မှ  တားမြစ်ခဲ့ကြောင်း ဒေသလူမှုကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

“ထိုင်းနယ်စပ် ဘောတီကိုဝင်ဖို့ကြိုးစားတဲ့ ဝါးတောရွာသား ၁၆၀ ကျော်ကို ထိုင်းနယ်ခြားစောင့်တပ်က ဝင်ခွင့်မပြုဘူးဆိုပြီး အတားခံရတယ်။ အဲဒါကြောင့် မြန်မာဘက်အခြမ်းမှာပဲ ဖြစ်သလိုတိမ်းရှောင်နေရပါတယ်။ လိုအပ်တဲ့အဝတ်အထည်နဲ့ ရိက္ခာတွေကို အရောက်ပို့နိုင်ဖို့ကြိုးစားနေပါတယ်။ နေထိုင်ဖို့အတွက်ကတော့ တော်တော်လေးခက်ခဲနေပါတယ်"ဟု လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ ၃၀၀ ကျော်မှာ မြန်မာဘက်ခြမ်းနယ်စပ်တွင် အဆင်ပြေသလို နေထိုင်နေကြကြောင်း သိရသည်။

ထားဝယ်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံ ၃၀၀၀ ကျော်အထိရှိကြောင်း တနင်္သာရီ ဒေါန စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...