နွေဦးတော်လှန်ရေးအတွက် အထူးငွေတိုက်စာချုပ်ကနေ အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီးလို့ အမျိုသားညီညွှတ်ရေးအစိုးရ NUG၊ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
မေလ ၁၈ ရက်နေ့ ပြုလုပ်ခဲ့တဲ့ NUG၊ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ပြောဆိုခဲ့တာပါ။
NUG အစိုးရဟာ နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစတင်ပြီး ဥပဒေနဲ့အညီ ငွေတိုက်စာချုပ်တွေ ထုတ်ဝေရောင်းချခဲ့တာ ဖြစ်ပြီး၊ အဲဒီငွေတိုက်စာချုပ်ကနေ အခုနှစ် မေလထိ ကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
အထူးငွေတိုက်စာချုပ်တွေကို ကန်ဒေါ်လာ ၁၀၀ ကနေ ၅၀၀၀ တန်ထိ အမျိုးအစား ၄ မျိုးနဲ့ ထုတ်ဝေရောင်းချခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ နွေဦးထီ၊ အခွန်အကောက် ရရှိငွေ၊ ငွေတိုက်စာချုပ်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမှတ် ၁၄ အင်းလျားလမ်းအိမ်ကို ရောင်းချငွေ ကန်ဒေါ်လာ ၅ သန်း အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂ သန်း နီးပါး ရှာဖွေနိုင်ခဲ့ပါတယ်။







