မွန်ပြည်နယ် က တစ်နိုင်တပိုင်မွေးမြူရေးလုပ်ငန်းတွေ ပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ ကြုံနေရ

မွန်ပြည်နယ် က တစ်နိုင်တပိုင်မွေးမြူရေးလုပ်ငန်းတွေ ပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ ကြုံနေရ

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း မွေးမြူရေး သွင်းအားစုတွေ ဖြစ်တဲ့ အစာနဲ့ ဆက်စပ် ပစ္စည်းတွေ အဆမတန် ဈေးနှုန်းကြီးမြင့်နေတာကြောင့် မွန်ပြည်နယ်အတွင်းက တစ်နိုင်တပိုင် မွေးမြူရေးလုပ်ငန်းတွေ ပျောက်ကွယ်တောမယ့် အခြေအနေနဲ့ ကြုံနေရပြီလို့ မွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း မြန်မာငွေတန်ဖိုး ကျဆင်းလာပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်လာတာအပြင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် မွေးမြူရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်း နီးပါး အပြီးပိုင် ရပ်နားသွားပြီး ဖြစ်သလို သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း ဆက်လက် မြင့်တက်နေမယ်ဆိုရင်  တစ်နိုင်တပိုင် လုပ်ငန်း အားလုံးနီပါး ပျောက်ကွယ်သွားနိုင်တယ်လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ (၃)လ ဝန်းကျင်မှာတော့ (၆၀)ရာခိုင်နှုန်းလောက်ကတော့ နားသွားတယ်၊ သူက ကြက်ရော ဝက်ရော ဘယ်လိုမှ မွေးမြူရေးက မကိုက်ဘူး၊ အားလုံးဟာ သူက ဒီထုတ်လုပ် စရိတ်နဲ့သာ သူတို့ အကျိူးအမြတ်က လုံးဝ မရဘဲနဲ့ အရှုံးဘက်ကိုပဲ သွားနေတာလေ၊ ဒီအခြေအနေ အတိုင်းဆိုရင်တော့ အရှေ့မှာက တကယ့် ရင်းနှီးမြုပ်နှံမှု အကြီးကြီးတွေ လုပ်ထားတဲ့ လူတွေလောက်ပဲ ကျန်မယ်၊ ဒီမိသားစု ရပ်တည်ဖို့အတွက် တနိုင်တပိုင် မွေးမြူသူတွေ မိသားစု လုပ်ငန်းတစ်ခုအနေနဲ့ ရပ်တဲ့လူတွေ အနေနဲ့ကတော့ တော်တော်လေးကို အခြေအနေ မကောင်းဘူးလို့ ခန့်မှန်းလို့ ရတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် မွေးမြူရေး လုပ်ငန်းတွေမှာ အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူတွေဟာ အကောင် အရေအတွက် လျှော့ချပြီး မွေးမြူလာရသလို တချို့မွေးမြူ သူတွေကတော့ စရိတ် မတတ်နိုင်တော့တဲ့ အတွက်ကြောင့် လုပ်ငန်း ပြောင်းလဲ လုပ်ကိုင်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

မွေးမြူရေးခြံရှင် တစ်ဦးကတော့ ရာသီ အကူအပြောင်း ကာလမှာ ရောဂါကျရောက်နေတဲ့ အတွက်ကြောင့် မွေးမြူထားတဲ့ ကြက်နဲ့ ဝက်တွေ သေဆုံးတာတွေ ရှိနေလို့ နေ့စားခတောင် ပြန်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ထပ်တက်နေတာ မကျသွားဘူး ဆက်တက်နေတာ တစ်ခေါက် သွားဝယ်လိုက်ရင် (၁၀၀၀) တက်လိုက် (၅၀၀)တက်လိုက် အဲ့လိုမျိုး တက်နေတာပေါ့နော်၊ မကျသွားဘူး တစ်ခေါက်မှလည်း မကျသွားဘူး၊ ရှုံးတာတော့လည်း ဒီလိုမျိုး သေခဲ့ရင်တော့လည်း အရှုံးနဲ့ ရင်ဆိုင်ရတာပေါ့လေ၊ အခုလိုမျိုး ဈေးမတက် သေးရင်တော့ နောက်အတွက်ကတော့ လုပ်ခတောင် မရဘူး၊ ဝက်များတဲ့ ရုံဆို (၃)ယောက်လောက် ဝင်လိုက်ရင် အဲ့ဒီ(၃)ယောက်စာကို နေစားခ တစ်နေ့ (၁၀၀၀၀) ဆိုရင်တောင် အဲ့ဒီ (၁၀၀၀၀)တောင် မရဘူး အဲ့ဒီ (၃)ယောက်စာ အတွက် အဲ့လိုတောင် ဖြစ်သွားကြတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မွေးမြူရေး လုပ်ငန်းတွေ ရပ်နားလာကြတဲ့အတွက် ကျွမ်းကျင်လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်း ဆက်လက် မြင့်တက်လာသလို မွေးမြူရေး လုပ်ငန်းမှာ မှီခိုလုပ်ကိုင်နေတဲ့ မိသားစုတွေ စားဝတ်နေရေး အကြပ်အတည်းကို ပိုမို ရင်ဆိုင်လာရပါတယ်။

မွန်ပြည်နယ်မှာတော့ မွေးမြူရေး လုပ်ငန်းအနေနဲ့ ကြက်၊ ဘဲ၊ ဝက်နဲ့ ငါးမွေးမြူရေးတွေကို အဓိက မွေးမြူကြတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ မွေးမြူရေးထွက်ကုန်တွေကတော့ တိုင်းနဲ့ ပြည်နယ် တချို့ကို တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...