စစ်ကောင်စီ လက်အောက်မှာ အလုပ်ပြန် မလုပ်ဘူးလို့ ပညာရေး CDM ဝန်ထမ်းတွေ တုံ့ပြန်

စစ်ကောင်စီ လက်အောက်မှာ အလုပ်ပြန် မလုပ်ဘူးလို့ ပညာရေး CDM ဝန်ထမ်းတွေ တုံ့ပြန်

အာဏာသိမ်း စစ်ကောင်စီက တာဝန်ပြန်လည် ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်လာပေမယ့် အယုံအကြည် မရှိတဲ့အတွက် အလုပ် ပြန်လုပ်မှာ မဟုတ်သလို အဆုံးထိ CDM ဆက်လုပ်သွားမယ်လို့ ပညာရေး CDM ဝန်ထမ်းတွေက တုံ့ပြန်လိုက်ပါတယ်။

အခြေခံပညာရေး CDM ဝန်ထမ်းတွေအနေနဲ့ အယူခံတင်သွင်းပြီး လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ အာဏာ သိမ်း စစ်ကောင်စီက မေလ ၁၆ ရက်နေ့မှာ ထပ်မံ ဖိတ်ခေါ်လာတာပါ။

စစ်ကောင်စီကတော့ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်လိုတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ မေလ ၃၁ ရက်နေ့ မတိုင်မီ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကျောင်းတည်ရှိရာ မြို့နယ် ပညာရေးမှူးရုံး ဒါမှမဟုတ် ရောက်ရှိနေတဲ့ မြို့နယ်ပညာရေးမှူးရုံးတွေမှာ အယူခံ တင်သွင်းကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

CDM ကျောင်းဆရာမ တစ်ဦးကတော့ စစ်ကောင်စီက လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ ဖိတ်ခေါ်မှုကို အယုံအကြည် မရှိတဲ့အတွက် အလုပ် ပြန်လုပ်မှာ မဟုတ်သလို အဆုံးထိ CDM ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

“သူတို့ကတော့ CDM တွေပြန်ဝင်လာဖို့ ပြီးတော့ ကျောင်းသားတွေအတွက်လည်း ဆရာ/ဆရာမတွေ မလုံလောက်နေတဲ့အခါကျတော့ ကျွန်မတို့အပေါ် ညှာတာထောက်ထားပြီးတော့ အရမ်းကို ခွင့်လွှတ်နားလည်သဘောထားကြီးစွာနဲ့ မေးတဲ့ ပုံစံမျိုးပေါ့နော်။ ဒါပေမယ့် ကျွန်မတို့က အစကတည်းက ဒီအချိန်အထိ ဒုက္ခပေါင်းစုံ ခံခဲ့ပြီးသွားပြီ။ ဘယ်တော့မှလည်း ယုံကြည်ပြီးတော့ ပြန်မဝင်ဘူး။ ဒီဥစ္စာပေါ်မှာလည်း အယုံအကြည်မရှိပါဘူး။ ဖမ်းချင်လည်းဖမ်း၊ ကြိုက်သလိုလုပ်လို့ရတယ်။ ကျွန်မတို့က အာဏာရှင်စနစ်ကို ဖြိုချနေတဲ့အချိန် ဖြစ်တဲ့အတွက် သူတို့အပေါ်မှာ ဘာမှအယုံအကြည်မရှိဘူး”လို့ CDM ကျောင်းဆရာမ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အခြေခံပညာရေး CDM ဝန်ထမ်းတွေကို တာဝန်ထမ်းဆောင်ဖို့ ပြန်လည် ဖိတ်ခေါ်တာဟာ စိတ်စေတနာ အမှန်နဲ့ ပြန်လည်ခေါ်ဆောင်တာ မဟုတ်သလို ပြန်လည် ဝင်ရောက်လာသူတွေကိုလည်း အကြောင်း အမျိုးမျိုးပြပြီး ဖမ်းဆီးလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တာဝန်မှ ကင်းကွာနေတဲ့ အခြေခံပညာရေးဝန်ထမ်းတွေအနက် တာဝန်ထမ်းဆောင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေတဲ့ ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းတွေနဲ့ အယူခံတင်သွင်းထားတဲ့ ဝန်ထမ်းတွေကို တာဝန်ပျက်ကွက်ခဲ့တဲ့ ကာလတွေကို လစာမဲ့ခွင့် အဖြစ်သတ်မှတ်ပြီး တာဝန်ပြန် လည် ထမ်းဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုထားပါတယ်။

CDM ကျောင်းဆရာမ တစ်ဦးကလည်း စစ်ကောင်စီက ဘယ်လိုပဲ စည်းရုံးလာပါစေ ဘယ်တော့ နောက်ကြောင်း ပြန်လှည့်သွားမဟုတ်ဘူးလို့ ပြောပါတယ်။

“သူတို့က ကျွန်မတို့ကို အကြိမ်ကြိမ်ခေါ်ခဲ့ပြီးပြီ မသွားခဲ့ကြဘူး။ ဒီလိုအချိန်မှာတော့ သန်းခေါင်ယံထက်လည်း ညမနက်တော့ဘူး။ ပြီးတော့ သူတို့တွေရဲ့ အုပ်ချုပ်ရေးနဲ့ စကစကိုလည်း လုံးဝအယုံအကြည်မရှိတဲ့အတွက် မသွားကြဘူးလို့မြင်တယ်။ ဘယ်လိုအခွင့်အရေးတွေနဲ့ပဲ မြူဆွယ်မြူဆွယ် နောက်ကြောင်းပြန်သွားဖို့တော့ လုံးဝမရှိပါဘူး။ အာမခံပါတယ်”လို့ CDM ကျောင်းဆရာမ တစ်ဦးကလည်း ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ လာမယ့် ဇွန်လ ၂ ရက်နေ့မှာ နိုင်ငံတဝန်းက အခြေခံပညာကျောင်း အားလုံးကို ပြန်လည် ဖွင့်လှစ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပြီး အဲဒီအတွက် အတွေ့အကြုံရှိ ဆရာ၊ဆရာမတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် CDM ဝန်ထမ်းတွေကတော့ စစ်ကောင်စီ လက်အောက်မှာ အလုပ်ပြန် မလုပ်ကြဖို့ ဆုံးဖြတ်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းမှုကို လက်မခံတာကြောင့် ပညာရေး CDM ဝန်ထမ်း ထောင်နဲ့ချီ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...