ဒေါက်တာဇော်မြင့်မောင် မျက်လုံးခွဲစိတ်ကုသမှုခံရမည်

ဒေါက်တာဇော်မြင့်မောင် မျက်လုံးခွဲစိတ်ကုသမှုခံရမည်

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မျက်လုံးအတွင်း တိမ်ရောဂါစွဲကပ်နေသည့်အတွက် အကျဥ်းထောင်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူရန်ရှိနေသည်ဟု အိုးဘိုထောင်တွင်းသတင်းအရင်းအမြစ်က မဇ္စျိမ ကိုပြောသည်။

ကုသမှုအတောအတွင်း အမှုအတွက် ရုံးချိန်းများကို မေ ၂၀ ရက်နောက်ပိုင်းသို့ ယာယီရွှေ့ဆိုင်းထားသည်။

ဒေါက်တာဇော်မြင့်မောင်အနေဖြင့်  မေ ၁၆ ရက်မှစတင်ကာ အကျဥ်းထောင်ဆေးရုံသို့ တက်ရောက်မည်ဖြစ်ပြီး၊ နောက်နှစ်ရက်အတွင်း ကုသမှုခံယူရနိုင်သည်ဟု သိရသည်။

" မျက်စိ ဘယ်ဘက်ကနဲ့တူတယ်။ အတွင်းတိမ်လို့ပြောတယ်။ ခွဲမှရမယ်လို့ ဆရာဝန်ကပြောလို့ ဒီအပတ်ထဲ သူ့ရုံးချိန်းတွေရွှေ့ပေးထားတယ်။ မျက်စိလည်းကြာသွားရင်ကွယ်သွားနိုင်လို့ ခွဲခိုင်းလို့ ထောင်တွင်းပဲဖြစ်မှာပါ။ အပြင်တော့မဖြစ်နိုင်ဘူး။ ဆေးရုံကြီးတစ်ခါတက်တာတောင် လုံခြုံရေးတွေအပြည့်နဲ့ဆိုတော့လေ"ဟု သတင်းအရင်းအမြစ်က ပြောသည်။

မေ ၁၃ ရက်နေ့ ရုံးချိန်းတွင် မန္တလေးအိုးဘိုထောင်တွင်းသီးသန့်တရားရုံးက ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော ရာကြီးမှုအမှတ် (၆)၊(၇)၊(၈) အမှု သုံးမှုအတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို Video Conferencing စနစ်ဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြသည်။

ဒေါက်တာမြင့်နိုင်ထွက်ဆိုချက်ပေးရာတွင် NLD ပါတီဝင်များအတွက် ကျန်းမာရေးရံပုံငွေထားရှိကြောင်းနှင့် ယင်းရံပုံငွေအတွင်းမှ ကျန်းမာရေးကုသစရိတ်များ အကုန်ကျခံကုသပေးခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

မန်းဝန်ချုပ်အား အဂတိလိုက်စားသည်ဟုဆိုကာ စွပ်စွဲထားသော အမှုများသည် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နှင့်ပတ်သက်သည့်အမှု နှစ်မှုနှင့် ဖွံဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်နှင့်ပတ်သက်သည့်အမှု တစ်မှုတို့ဖြစ်ပြီး၊ ဝန်ကြီးချုပ် ထိုင်းနိုင်ငံသို့ ဆေးဝါးသွားရောက်ကုသစဥ် ကုန်ကျခံသုံးစွဲခဲ့သော ငွေကြေးနှင့် သက်ဆိုင်သောအမှုများဖြစ်သည်။

ယင်းအဂတိအမှုများအတွက် ပါတီနာယကဖြစ်သူ ဦးဝင်းထိန်ကိုလည်းတရားခံပြသက်သေအဖြစ် စစ်ဆေးခဲ့ပြီးဖြစ်သည်။

ထို့အပြင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားခံပြသက်သေအဖြစ်စစ်ဆေးရန်ရှိနေသော်လည်း စစ်ဆေးနိုင်ခြင်းမရှိသေးဟုဆိုသည်။

ဝန်ကြီးချုပ်မျက်လုံးခွဲစိတ်ပြီးပါက ပြန်လည် စတင်စစ်ဆေးမည့် ရုံးချိန်းတွင် ရာကြီးမှုအမှတ် (၆)၊(၇)၊(၈)အမှုအပြင် ပြင်ဦးလွင်နှင့်မြင်းခြံတို့တွင် NLD ရုံးမြေနေရာချမှုကိစ္စနှင့်ပတ်သက်၍ စွပ်စွဲထားသော ရာကြီးမှုအမှတ် (၉)၊(၁၀) အမှုတို့ကိုလည်းတစ်ဆက်တည်းစစ်ဆေးသွားရန်ရှိနေသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...