စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် အရှေ့စည်းကျေးရွာအတွင်းရှိနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့၀င်များက မေလ ၁ ရက်နေ့မှစပြီး မီးရှို့ဖျက်ဆီးကြောင်း ဒေသခံပြည်သူများ၏ပြောကြားချက်အရသိရသည်။
အရှေ့စည်းကျေးရွာတွင် နေအိမ်ပေါင်း (800)ကျော်ရှိပြီ ဧပြီလ (၂၇)ရက်နေ့မှစပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များအကြားတိုက်ပွဲဖြစ်ရေးပွားခဲ့ပြီးဒေသခံပြည်သူများ မြစ်သာမြစ်တစ်ဖက်ကမ်းရှိတောတောင်များတွင် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။
ဧပြီလ (၂၇)ရက်နေ့တိုက်ပွဲအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များက လက်နက်နှင့်ကျည်ဆံများသိမ်းဆည်းရမိခဲ့ပြီး စစ်ရေးအရ အထိနာနေသည့်စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ (၃၀) ညပိုင်းမှ စတင်၍ အရှေ့စည်းရွာသို့ လက်နက်ကြီးများဖြင့် တစ်ညတာလုံး မရပ်မနား ဆက်တိုက်ပစ်ခတ်ခဲ့ပြီး မေလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် အရှေ့စည်းရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွာအတွင်းရှိ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများထံမှသိရသည်။
အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် အရှေ့စည်းကျေးရွာအတွင်းရှိနေအိမ် အကုန်နီးပါး မီးရှို့ခံရပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ပြည်သူ့ကာကွယ်ရေးတိုက်ဖွဲ့၀င်များအကြားဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ရေရှင်ရွာမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ကျဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိထားပြီးအလားတူ အရှေ့စည်းရွာတွင်လည်း ပြည်သူ ၁ ဦး လက်နက်ကြိးထိမှန် ဒဏ်ရာရရှိထားကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့၀င်များသည် စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကို နယ်မြေစိုးမိုးနိုင်ရန်ကြိုးစားလျက်ရှိပြီး အင်တာနက်လိုင်းများဖြတ်တောက်ထားကာ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေသောကြောင့်တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်းသိရသည်။







