ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှု ရာဇဝတ်ပြင်ဆင်မှု လျောက်ထားခြင်း ပလပ်ခံရ

ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှု ရာဇဝတ်ပြင်ဆင်မှု လျောက်ထားခြင်း ပလပ်ခံရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ငါးနှစ်ချမှတ်ထားသည့် ရွှေနှင့် ဒေါ်လာအမှုစွဲချက်အမိန့် ပယ်ဖျက်နိုင်ရေး ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားခြင်းကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပလပ်လိုက်သည်။

အမှုကို လက်ခံကြားနာပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ယနေ့ နံနက်ပိုင်းက လျှောက်လဲ ချက်ပေးခဲ့ကြပြီး အမှုကိုပလပ်လိုက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Website တွင်  မေလ ၄ ရက် ညနေပိုင်းကဖော်ပြခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နှင့် အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာကို လက်ခံခဲ့ကြောင်း သက်သေအခိုင်အမာမပြနိုင်ဘဲ စွပ်စွဲထားသည့် ထိုအမှုကို နေပြည်တော်အထူးတရားရုံးက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စွဲချက်တင် ကြောင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါစွဲချက်အမိန့်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က မတ်လအတွင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှုတက်ထားစဉ်ကာလအတွင်း အထူးတရားရုံးက ဧပြီ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ငါးနှစ်ကျခံစေရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေနှင့် ဒေါ်လာအမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အဂတိအမှု ငါးမှုကို ချေဖျက်နိုင်ရေး နှစ်ဖက်လျှောက်လဲချက် လက်ခံပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက် ထားချက်တစ်ခုမှာလည်း ပြီးခဲ့သည့် မတ်လအတွင်းကပင် ပယ်ချခံထားရသေးသည်။

ယခုတစ်ခေါက် စွဲချက်အမိန့်အပေါ် ပြင်ဆင်မှုတက်ခြင်းကို ပလပ်လိုက်သည့်အတွက် အပြီးသတ်အမိန့် အပေါ် အယူခံဆက်တက်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှသိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အား စွပ်စွဲအမိန့်ချထားသည့်အမှုများနှင့်ပတ်သက်၍ အယူခံတက်ထားခြင်းများကို မြို့နယ်ရုံး၊ ခရိုင်ရုံးများကပယ်ချနေသော်လည်း အယူခံအဆင့်ဆင့် ဆက်တက်မည်ဖြစ်ကြောင်း တရားရုံး နှင့် နီးစပ်သူတစ်ဦးက ပြောထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်းခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရပြီး အဂတိအမှုများအပါအဝင် အမှုပေါင်း ၁၃ မှုဖြင့် ဆက်လက် တရားရင် ဆိုင်နေရသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...