တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဘက် ထားဝယ်-ထီးခီးလမ်း လမ်းတလျှောက်မှာ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်နဲ့ ကင်းပုန်းလာ ဝပ်နေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၁၆ ရက်နေ့ကစပြီး လက်နက်အပြည့်အစုံနဲ့ ထားဝယ်-ထီးခီးလမ်း တစ်လျှောက်မှာ ကင်းပုန်းလာ ဝပ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘာကြောင့် ကင်းပုန်းလာဝပ်နေလဲဆိုတာ မသိရသေးပေမယ့် စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှု အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထားဝယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အဆိုအရ စစ်ကောင်စီက အခုလို တပ်အင်အား အများအပြားနဲ့ ကင်းပုန်းလာဝင်တာဟာ ထားဝယ်-ထီးခီးလမ်းကြောင်းကနေေ လေယာဉ်ဆီ ဒါမှမဟုတ် အရေကြီး ပစ္စည်း သယ်ယူဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လေယာဉ်ဆီတွေကို ထိုင်းနိုင်ငံတဆင့် မြဝတီ-ကော့ကရိတ် အာရှလမ်းကို အသုံးပြုသယ်ဆောင်ခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ KNLA တပ်မဟာ (၆) နဲ့ တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ထားဝယ်-ထီးခီးလမ်းကနေ သယ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ထားဝယ်-ထီးခီးလမ်းမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က သြရကုမ္ပဏီပိုင် ဆီသယ်ကား ၂ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့ဖျက်စီးခဲ့ပါတယ်။







