နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေအချင်းချင်း ညီညွတ်ဖို့ ဒီကနေ့ရုံးချိန်းမှာ ပြောဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေညီညွတ်ဖို့ပြောဆိုခဲ့ပေမယ့် ပြည်သူတွေကို ပြန်ပြောဖို့ မှာကြားခဲ့တာမဟုတ်ဘူးလို့လည်း သိရပါတယ်။
"သူကကျန်းမာရေးအကြောင်းပြောတယ်။ဆေးရုံတက်ရတာမျိုးမရှိဘူး။ဆေးစစ်တာမျိုးတော့ရှိတယ်။ပြည်သူတွေ အချင်းချင်းညီညွတ်နေဖို့ပြောတယ်။ ဒါကလည်း ပြည်သူတွေကိုပြန်ပြောလိုက်ပါဆိုပြီးမှာတာမျိုးမဟုတ်ဘူး။နောက်ပြီး အမြင်မတူတာတွေကိုဆွေးနွေးဖို့ပြောဆိုခဲ့ပြီး အဲ့တာက ပြည်သူတွေအချင်းချင်း ညှိနှိုင်းဖို့ကိုပဲဆိုလိုတာ"လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက် က သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ တစုံတရာမှတ်ချက် ပေးပြောဆိုတာမရှိခဲ့ဘူးလို့လည်း သူကပြောပါသေးတယ်။
ဒီကနေ့ရုံးချိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေနဲ့ဒေါ်လာတွေ ပေး ခဲ့ရတယ်ဆိုပြီး စွပ်စွဲထားတဲ့ အဂတိအမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ဧပြီလ(၂၆) ရက်နေ့မှာ အပြီးသတ်အမိန့်ချသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စွပ်စွဲထားတဲ့ အဂတိအမှု (၄) မှုအတွက် ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။







