ပူတာအိုမြို့အနီး KIA တပ်များကို ရှင်းလင်းရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့

ပူတာအိုမြို့အနီး KIA တပ်များကို ရှင်းလင်းရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့

ပူတာအိုမြို့အနီး ကချင်လွတ်လပ်ရေးတပ်တော် KIA ကို ရှင်းလင်းရန်နှင့် နယ်မြေစိုးမိုးရန် စစ်ကောင်စီတပ် အင်အား ရာချီပြီး တန်ဂျာနှင့် လုန်ရှာယန်ကျေးရွာတွင် အင်အားတိုးချဲ့ ထားသည်ဟု သိရသည်။

ယခုအပတ် ဧပြီ လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည် ပူတာအိုနှင့် ဆွမ်ပရာဘွမ် ဘက်ခြမ်းမှ စစ်ကြောင်း ၂ ကြောင်း အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် လုန်ရှာယန်အုပ်စုအတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာ လူနေအိမ်များတွင် တပ်စွဲထားကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

စစ်ကောင်စီဘက်မှ ယခုလို ပြည်သူများနှင့် ရောနှောကာ ကျေးရွာအတွင်း စစ်အင်အားအများအပြားဖြင့် ဝင်ရောက်နေထိုင်သောကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

“ဒီမှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာတာက ၁ ပတ်လောက်ရှိလာပြီ။ အဓိကတော့ လုန်ရှာယန်နဲ့ တန်ဂျာကျေးရွာ ၂နေရာမှာ ဟုတ်တယ်။ တန်ဂျာကျေးရွာမှာဆိုရင် ရွာအတွင်းမှာကို နေထိုင်ကြတယ်။ အခုဆို ဒေသခံတွေက သွားလာရေးတွေမှာ စိတ်ဆင်းရဲနေရတယ်။ စစ်ကောင်စီဘက်ကတော့ ဘာမှ စိုးရိမ်စရာမလိုဘူးလို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ဘက်က စစ်ကြောင်းတွေ အများကြီးပြန်ထိုးလာတော့ တိုက်ပွဲပြန်ဖြစ်လာဖို့က သေချာနေတယ်။ ဘာကြောင့်လဲဆိုတော့ တန်ဂျာကျေးရွာ အနီးမှာက KIA တွေလည်းရှိတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီသည် လုန်ရှာယန်နှင့် တန်ဂျာကျေးရွာအနီး တဝိုက်တွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ကို ရှင်းထုတ်ရန်နှင့် ထိုနေရာတွင် စခန်းတစ်ခုအခြေစိုက်ရန် အစီစဉ်ရှိနေသည်ကို သိရသည်ဟု ဒေသခံပြည်များ ပြောဆိုနေကြသည်။

တန်ဂျာ ကျေးရွာအနီးတဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိနေပြီး စစ်ကောင်စီတပ်လည်း ရောက်လာသောကြောင့် နှစ်ဖက်တပ် အပြန်အလှန်စောင့်ကြည့်ကာ စစ်ရေးတင်းမာမှုရှိနေကြောင်း သိရသည်။

လုန်ရှာယန်ကျေးရွာပါအဝင် ဆွမ်ပီယန်၊ ဖတ်မာနှင့် အင်စီးယန်တို့တွင် ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား ၁လခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၅၀၀၀ ခန့် တောတွင်းထွက်ပြေးခဲ့ရာမှာ မတ်လကုန်ပိုင်းတွင် နေရပ်ပြန်လာခဲ့ခြင်းဖြစ်သည်။

တောထဲ ထွက်ပြေးနေရသူများနှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးခဲ့ရသော ဒေသခံများ နေရပ်ပြန်နိုင်ရေးအတွက် မြစ်ကြီးနား ခရစ်ယာန်ကောင်စီ MCC ၊  ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR တို့ ဦးဆောင်ခဲ့သည်။

ထိုသို့စစ်ရှောင်များ ပြန်လည် နေထိုင်ပြီး ၁၀ ရက်ကျော်ခန့်အကြာတွင် စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာခြင်း ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...