ကော့ကရိတ်တောင်းပိုင်ရှိ ကြိတ်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် တိုက်ခိုက်

ကော့ကရိတ်တောင်းပိုင်ရှိ ကြိတ်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် တိုက်ခိုက်

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်တောင်ဘက်ပိုင်းမှာရှိတဲ့ ကြိတ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြိတ်ကျေးရွာအနီး တောင်ကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းကို မနေ့က KNLA တပ်မဟာ ၆ က သွားရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ မနေ့ ညနေပိုင်းက တစ်ကြိမ် ဒီကနေ့ မနက်ပိုင်းမှာ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ပစ်ခတ်တိုက်ခဲ့တာပါ။

ဒီလို ကြိတ်ကျေးရွာဘက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေတချို့ထိမှန်ပျက်စီးသွားတာတွေရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်း‌ရှောင်နေရပါတယ်။

“ကြိတ်ရွာ လေယာဉ်နဲ့နှစ်ကြိမ်မြောက် ဗုံးကြဲခြင်းခံရတယ်။ အိမ်တွေလည်းထိတယ်။ လူကတော့ ဘယ်နှစ်ယောက်ထိလည်းမသိဘူး။ ထိတော့ထိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကြိတ်ကျေးရွာထဲမှာ အရင်က စစ်ကောင်စီတပ်စခန်းရှိခဲ့ပြီး နယ်မြေခံ KNLA တပ်မဟာ ၆ နဲ့ တိုက်ပွဲမကြာခဏဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက ဆုတ်ခွာထွက်ပြေးခဲ့ရကာ နောက်ပိုင်းမှာတော့ ကျေးရွာအတွင်းပြန်လည်အခြေချနေထိုင်ဖို့အတွက် ဒေသခံရွာသားတွေက လက်မခံတာကြောင့် ကြိတ်ရွာအနီးမှာရှိတဲ့ ခိုလာဖေတောင်ကုန်းမှာ စခန်းထိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် တပ်မဟာ ၆ နယ်မြေထဲက ကော့ကရိတ်-မြ၀တီ အာရှလမ်းမမှာလည်း ဒီကနေ့ မနက်ပိုင်းက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး သွားလာနေတဲ့ ယာဉ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

ကေအဲန်ယူ ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီဘက်က စစ်ရေးအင်အားတိုးချဲ့မှုတွေရှိနေသလို တောင်ကြာအင်းဘက်မှာလည်း ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြ၀တီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အာရှလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသွားတွေအနေနဲ့ ကေအဲန်ယူက ထုတ်ပြန်ကြေငြာထားတဲ့ အမိန့်ကို လိုက်နာပေးကြဖို့ ထုတ်ပြန်ထားတာလည်း ရှိနေတာဖြစ်ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...