ခင်ဦးမြို့နယ် လူနေအိမ် ၁၀၀ ကျော် ထပ်မံမီးရှို့ ဖျက်ဆီးခံရပြီး ပြည်သူ ၂၀၀၀ ကျော်လည်း ထွက်ပြေးနေရ

ခင်ဦးမြို့နယ် လူနေအိမ် ၁၀၀ ကျော် ထပ်မံမီးရှို့ ဖျက်ဆီးခံရပြီး ပြည်သူ ၂၀၀၀ ကျော်လည်း ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကုလားလူးကျေးရွာနှင့် ရှားလွင်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး လူနေအိမ် ၁၀၀ ကျော်ကို ဒုတိယအကြိမ်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပြည်သူ လူထု ၂၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မီးရှို့ဖျက်ဆီးဆီးခံရသော နေအိမ်များမှာ ကုလားလူးကျေးရွာမှ ၄၇ လုံး နှင့် ရှားလွင်ကျေးရွာမှ ၃၄ လုံးဖြစ်ပြီး စုစုပေါင်း လူနေအိမ် ၈၁လုံး မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတစ်ဦးမှ KNG သတင်းဌာန သို့ ပြောသည်။

“အရင်တစ်ခေါက်လည်းမီးရှို့ခံရတယ်။ ဒီရွာတွေက အခုဆိုရင် နှစ်ရွာပေါင်းလူနေအိမ် တစ်ရာကျော် နှစ်ရာ နီးပါးလောက်တော့ရှိပြီဗျ။ ပထမတစ်ခေါက်ကလည်း ၁၃၀ ကျော် ရှို့ခံခဲ့ရတယ်။ သူတို့က အဲ့ဒီအိမ်တွေကိုပဲ မီးရှို့တာမဟုတ်ဘူး ရွာက ဘုန်းကြီးကျောင်းတွေကိုလည်း မွှေနှောက်ဖျက်ဆီးတယ်” ဟု အမည်မဖော်လိုသည့် ခင်ဦး ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၆ ရက်နေ့ကလည်း ကုလားလူးကျေးရွာမှ လူနေအိမ် ၇၅ လုံး၊ ရှားလွင်ကျေးရွာမှ လူနေအိမ် ၆၃ လုံးစုစုပေါင်း လူနေအိမ် ၁၃၈ လုံးကို ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့သည်။

ယခု ဒုတိအကြိမ် ကျေးရွာမီးရှို့ခံရပြီးနောက် လတ်တလော အဆိုပါကျေးရွာ ၂ ခုတွင် မီးဘေးသင့် စစ်ရှောင်ပြည်သူ လူဦးရေ ၁၀၀၀ ခန့် ရှိသည့်အပြင် ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုနှင့် အကြမ်းဖက်မှုများကြောင့် နီးစပ်ရာ ကျေးရွာပေါင်း ၈ ရွာမှ ပြည်သူ နှစ်ထောင်ကျော်လည်း ထွက်ပြေးနေရပြီး အကူအညီများလည်း လိုအပ်နေကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက KNG ကို ပြောသည်။

“စစ်ရေးအခြေအနေကတော့ တင်းမာတဲ့အခြေအနေမှာရှိတယ်။ စစ်ကြောင်းက ခင်ဦးအခြေစိုက် အင်အားတစ် ခုထဲထိုးတာ မဟုတ်ဘူး။ သူတို့ရွှေဘိုမှာရှိတဲ့အင်အားကော ရေဦး မှာရှိတဲ့ အင်အားကောပေါင်းပြီမှ ထိုးတာ။ အဲ့ဒါကြောင့်အခုဆိုရင် ရှားလွင်နဲ့ ကုလားလူးရွာရယ်အနီးတစ်ဝိုက်ကရွာတွေရယ် ရွာ ၈ ရွာက ပြည်သူ နှစ်ထောင်ကျော် ဒုက္ခ ရောက်နေတယ်” ဟု ၎င်းက ပြောသည်။

လတ်တလော စစ်ကောင်စီတပ်ကိုထွက်ပြေးနေရသော ဒေသခံ လူဦးရေ ၂ ထောင်ကျော်အတွက် အစားအသောက်၊ နေရာထိုင်ခင်းနှင့် ဆေးဝါးစသည့် အကူအညီများစွာ လိုအပ်နေကြောင်း ခင်ဦး PDF တပ်ဖွဲ့ဝင်တစ်ဦး ဆက်ပြောခဲ့သည်။

ခင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီ ၁ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံရသည့် လူနေအိမ် ၄၀၀ ကျော်ရှိလာပြီး စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အရပ်သားနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း ၁၁၄ ဦး အထိ သေဆုံးခဲ့ပြီဟု သိရပါသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...