လာရောက်စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများကို အရေးယူတော့မည်ဖြစ်ကြောင်း စစ်ကောင်စီပြော

လာရောက်စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများကို အရေးယူတော့မည်ဖြစ်ကြောင်း စစ်ကောင်စီပြော

လာရောက်စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများကို လာမည့်တပ်မတော်နေ့နောက်ပိုင်းတွင် အရေးယူတော့မည်ဖြစ်ကြောင်း ယနေ့(မတ်လ ၂၄ ရက်) စစ်ကောင်စီ၏သတင်းစာရှင်းလင်းပွဲတွင် UEC ရွေးကောက်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောကြားလိုက်သည်။

UEC ထံ လာရောက်စစ်ဆေးမခံသည့်ပါတီများကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ-၂၄(ဂ)၊(ဃ)၊(င)တို့နှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဦးကပြောသည်။

“၂၄(ဂ)၊(ဃ)၊(င)အရဆိုရင် ပါတီကို သတ်မှတ်ရက်တိုင်း ညွန်ကြားတာမရှိဘူးဆိုရင် နိုင်ငံရေးပါတီ ၃ နှစ်အထိ ယာယီရပ်ဆိုင်းတာတို့၊ ပြီးရင် ယာယီရပ်ဆိုင်းတဲ့ကာလအတွင်း ၂၄(ဂ)အရဆိုရင် သတ်မှတ်ထားတဲ့လုပ်ငန်းအပြင် ကျန်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ချက်မပြုရဘူး။ ၂၄(င)အရဆိုရင် သတ်မှတ်ကာလအတွင်း လုပ်ငန်းတွေဆောင်ရွက်ချက်ရှိရင် ဖျက်သိမ်းတဲ့အထိရှိပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် အင်အားကြီးပါတီများဖြစ်သော ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အပါအဝင် ပါတီ(၈)ပါတီထဲမှ ၇ ပါတီကို စစ်ဆေးပြီးပြီဖြစ်ကာ ALD ပါတီတစ်ခုသာ စစ်ဆေးရန်ကျန်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က DMG သို့ပြောသည်။

“ရခိုင်ပြည်မှာ အခြေစိုက်ပါတီအကုန်လုံး ၈ ပါတီရှိတယ်။ ၇ ပါတီတော့ စစ်ဆေးပြီးသွားပြီ။ မစစ်ဆေးရသေးတာ ALD ပါတီ ကျန်သေးတယ်။ အဲဒီပါတီက ဆက်သွယ်လာတာလည်းမရှိဘူး။ စစ်ဆေးမှာကတော့ သူတို့ပါတီရဲ့ရန်ပုံငွေတွေ၊ ပါတီဝင်စာရင်းတွေ၊ စာရွက်စာတန်းတွေကိုစစ်တာ”ဟု ၎င်းကဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ၏ ပါတီရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများကို မတ်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ လာရောက်စစ်ဆေးခံရန် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

သို့သော် ALD ပါတီအနေဖြင့် သွားရောက်စစ်ဆေးမခံဘဲ မိမိတို့ရုံးသို့ လာရောက်စစ်ဆေးပါက စစ်ဆေးခံရန်အသင့်ရှိကြောင်း ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က DMG သို့ ပြောဆိုထားသည်။

“အဓိကတော့ ရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ လုပ်ထုံးလုပ်နည်းတွေက မမှန်ဘူး။ ဘာဖြစ်လိုလဲဆိုတော့ သူတို့စစ်ဆေးချင်တယ်ဆိုရင် ပါတီရုံးကိုပဲလာရောက်စစ်ဆေးရမယ်။ အခုက အဲဒီလိုမဟုတ်ဘဲ သူတို့ကစစ်ဆေးဖို့ခေါ်တဲ့အတွက် ALD ပါတီအနေနဲ့ အဲဒါကိုငြင်းတယ်။ ALD ပါတီမှာ စာရင်းတွေအကုန်လုံး အပြည့်အစုံရှိတယ်။ အဲဒီအတွက် UEC အနေနဲ့ ရုံးကိုလာပြီးတော့စစ်ဆေးလို့ရတယ်”ဟု ၎င်းကဆိုသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ- ၁၈ နှင့် နည်းဥပဒေ ၂၃ တို့အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကူအညီကိုရယူ၍ နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများကို မကြာမီစစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ UEC မှ ၂၀၂၁ ခုနှစ်၊ သြဂုတ်(၁၂)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Most read this week

ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...