ဖရူဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

ဖရူဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ စားဝတ်နေရေး ကျပ်တည်းပြီး ရိက္ခာတွေပြတ်လပ်နေပါတယ်။

“ဘယ်နလစာလောက်ရှိနိုင်အုံးမလဲဆိုရင် လောလောဆယ်ကတော့ မရှိသလောက်ကိုဖြစ်နေပြီ။ နည်းနည်းပါးပါး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုဆောင်းထားတာရယ် အလှူရှင်တွေက လာလှူထားတဲ့ စားနပ်ရိက္ခာတွေရယ်ဆို တစ်လစာလောက်တောင် မရှိလောက်တော့ဘူး” လို့ ဖရူဆိုအနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတခုရဲ့ တာဝန်မှူး ကပြောပါတယ်။

တစ်ချို့စစ်ရှောင်ပြည်သူတွေဟာ မိုးရာသီတုန်းက စိုက်ပျိုးခဲ့တဲ့ သီးနှံလေးတွေကို ရိတ်သိမ်းထားလို့ ခံသာပေမယ့် ကျပန်းလုပ်ခဲ့တဲ့ ပြည်သူတွေကတော့ အခုချိန်မှာ ရိက္ခာတွေပြတ်လပ်နေပြီဖြစ်ပါတယ်။

ရိက္ခာအခက်ခဲရှိတာကြောင့် လူများတဲ့မိသားစုတွေဆိုရင် ထမင်းလျော့စားကြတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုန်စျေးနှုန်းမြင့်တက်တာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် အဟာရရှိတဲ့ အစားအစာကို ဝယ်မစားနိုင်တာမို့ ကလေးတွေ ကျန်းမာရေးချို့တဲ့မှာကို စစ်ရှောင်မိဘတွေက စိုးရိမ်နေကြပါတယ်။

“အခက်အခဲကတော့ အမျိုးမျိုးရှိတယ်။ အခုချိန်ဆို လမ်းခရီးလည်းပိတ်တော့စားဝတ်နေရေးက သိပ်မဖူလုံဘူး။ ငွေရေးကြေးရေးလည်းမရှိတော့ ကုန်စျေးနှုန်းလည်းမြင့်တော့ ကျမတို့က မဝယ်စားနိုင်ဘူးလေး။ အခုက သားသမီးလည်းများတယ်ဆိုတော့ စားဝတ်နေရေးက တော်တော်ခက်ခဲတယ်။ ကလေးတွေအတွက်လည်း အဟာရ ဝဝလင်လင် မကျွေးနိုင်တော့ဘူးလေ။ ပြီးတော့ ကလေးတွေ ကျန်းမာရေးချို့တဲ့မှာ တအားစိုးရိမ်ရတယ်။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲလာသည်နှင့်အမျှ အလှူရှင်တွေလည်း လာရောက်လှူဒါန်းဖို့ အခက်အခဲရှိနေပြီး တစ်လမှ တစ်ကြိမ်သာ ရောက်လာတယ်လို့သိရပါတယ်။

လက်ရှိကရင်နီပြည်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးရှောင်တွေတနေ့တခြားတိုးလာနေသလို၊ ထပ်ဆင့်စစ်ဘေးရှောင်နေရသူတွေ ရှိပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ စာရင်းအရ စစ်ရှောင် တစ်သိန်းခွဲ ခန့်ရှိနေပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...