လေးကေကော်ဒေသတစ်ဝိုက် ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်မှု ထိခိုက်မှုမရှိဟု KNLA ပူးပေါင်းတပ်ဖွဲ့ပြော

လေးကေကော်ဒေသတစ်ဝိုက် ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်မှု ထိခိုက်မှုမရှိဟု KNLA ပူးပေါင်းတပ်ဖွဲ့ပြော

မြဝတီတောင်ဘက် ၉ မိုင်ခန့် အကွာအဝေးရှိ လေးကေကော်ဒေသ တစ်ဝိုက်ကို ယမန်နေ့ မတ်လ ၉ရက်နေ့တွင် စစ်ကောင်စီတပ်က Mi17 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်မှုတွင် မြေပြင်ထိခိုက်မှုတစ်စုံ တစ်ရာမရှိကြောင်း နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ယမန်နေ့ မတ်လ ၉ ရက်၊ ညနေ ၄ နာရီ ၃၀ ခန့်အချိန်က လေးကေကော်၊ ရသေ့ဂူ၊ လေးကပေါ်ရေတံခွန့်တောင် ကျောဘက်၊ မဲကနယ်စသည့်နေရာများတွင် စစ်ကောင်စီလေတပ်က Mi-17 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ် ဗုံးကြဲခဲ့မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လေးကော်ဒေသတစ်ဝိုက် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီမြေပြင်စစ်ကြောင်းများအား KNLA ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့ ပစ်ခတ်ခြင်းခံရ၍ သေဆုံးဒဏ်ရာရရှိသူများပြီး ပိတ်မိနေသဖြင့် ယခုလို လေကြောင်း ပစ်ကူခေါ်ကာ တိုက်ခိုက် ဗုံးကြဲမှုလုပ်ဆောင်ခြင်းဖြစ်သည်ဟု KNLA ပူးပေါင်း တပ်ဖွဲ့ဘက်မှ တပ်မှူးတစ်ဦးက ပြောသည်။

၎င်းက “သူတို့ စစ်ကောင်စီတပ်တွေ ရသေ့ဂူ နဲ့ ရေတံခွန် တောင်ဘက်ကို ထိုးစစ်စစ်ကြောင်းနဲ့ တိုက်ဖို့ လုပ်နေတာ တစ်ပတ်ကျော်ပြီ၊ အမြှောက်ကုန်းက လက်နက်ကြီးက ပစ်ကူပေးတယ်။ သူတို့ တစ်ပတ်ကျော်ပြီ ပစ်မနိုင် သေးဘူး၊ သေတာ ဒဏ်ရာရတာ ရှိလာပြီး ပြန်ဆုတ်လို့မရ ပိတ်မိနေတာမှာ လေယာဉ်လာပြီး ပစ်ကူပစ်ခိုင်းရတဲ့ အခြေအနေအထိရှိလာတဲ့ တိုက်ပွဲလို့ ပြောရမှာပေါ့နော့်။ “ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ မြေပြင်စစ်ကြောင်းအား ပိတ်ဆို့တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့တို့ဘက်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းလည်း အဆိုပါ တပ်မှူးက ဆက်ပြောသည်။

လေးကေကော်ဒေသတွင်းဖြစ်သည့် ရသေ့ဂူ၊ လေးကပေါ် ရေတံခွန်တောင်နှင့် လေးကေကော် ရပ်တော်မူ ဘုရားကုန်း အနောက်ဘက်သို့ စစ်ကောင်စီ အမြှောက်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပြီး မြေပြင် စစ်ကြောင်းများမှ အင်အား၂၀၀ ခန့်ဖြင့် ဖြန့်ကျက်ထိုးစစ်ဆင်လာမှုကို ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကတည်းက လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြေမြင်သတင်းအရ သိရသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး ထိုးစစ်တိုက်ခိုက်နေမှုမှာ ၃လ ကျော် ကြာမြင့်လာပြီဖြစ်ပြီး ၎င်းထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ် လေးကေကော်ဧရိယာတွင် စစ်ဘေးရှောင် ကျေးရွာ ၅ ရွာခန့်မှ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းဝန်းကျင်ခန့် နှင့် ဒေါနတောင် အနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်း ဒေသကျေးရွာ ၁၀ ခန့်မှ စစ်ဘေးရှောင်နေရသူ တစ်သောင်း ဝန်းကျင်ခန့်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ထိုစစ်ရှောင်နေရသည့် အရပ်သားပြည်သူများ နေရပ်ပြန်လည် အခြေချနေထိုင်နိုင်ရန် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာပေးရန်၊ မဆုတ်ခွာပေးပါက ဆက် လက်ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် စစ်ကောင်စီ၏တာဝန်သာ ဖြစ်ကြောင်း မတ်လ ၇ရက်နေ့စွဲဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ အသိပေးစာထုတ်ပြန်ထားသော်လည်း မြေပြင်တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေဆဲဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...