မြဝတီ-မဲဆောက်လမ်းမှတဆင့် ထိုင်းသို့ ခိုးဝင်သူများ ဆက်တိုက်ဖမ်းဆီးခံရ

မြဝတီ-မဲဆောက်လမ်းမှတဆင့် ထိုင်းသို့ ခိုးဝင်သူများ ဆက်တိုက်ဖမ်းဆီးခံရ

မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက် လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ခိုးဝင်သူများ ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖမ်းဆီးခြင်းခံရကြောင်း ဒေသထိုင်းအာဏာပိုင်များဘက်က သတင်းထုတ်ပြန်မှုမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှ ဘန်ကောက်သို့ သွားသည့် လမ်းကြောင်းရှိ ဟွေ့ယအုစစ်ဆေးရေးဂိတ်နေရာတွင် ထိုင်းအာဏာပိုင်အဖွဲ့က အသီးအရွက်တင်ဆောင်လာသည့် ကားတစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာ ကားအတွင်းပုန်းအောင်း လိုက်ပါလာသော တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကျား ၈ ဦး၊ မ ၆ ဦး၊ ကလေးငယ် ၁ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်က သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သောင်းရင်းမြစ်ကိုဖြတ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂၈ ဦး အမျိုးသမီး ၁၂ ဦး အပါအဝင် စုစုပေါင်း (၄၀) ဦးအား ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာ အမှတ် ၆ ရပ်ကွက်အနီးမှာ ဖမ်းဆီးရမိခဲ့သလို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ၎င်း မယ်ပကျေးရွာ အမှတ် ၇ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အထောက် အထားမဲ့ မြန်မာနိုင်ငံသား ၁၅ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုသို့ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများမှာ ထိုင်းသို့ တရားဝင် သွားရောက်လုပ်ကိုင်ခွင့် မရခင်စပ်ကြား လူကယ်ရီများအား ထိုင်းဘတ်ငွေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြားပေး၍ ခိုးဝင်နေကြခြင်းဖြစ်သည်ဟု မြဝတီနယ်စပ် ရွှေ့ပြောင်းလုပ်သား အရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

၎င်းက ” ဒီအချိန်က မြဝတီကနေ တဖက်ထိုင်းနိုင်ငံ မဲဆောက်ကို သွားဖို့က မလွယ်ဘူးလေ။ ဘာကြောင့် လဲဆိုတော့ ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်း ၂၀၂၀ မတ်လ ကတည်းက နှစ်နိုင်ငံကုန်သွယ်ရေး အတွက် မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေး တံတားတစ်ခုသာ ဖွင့်ထားပြီး အခြားနယ်စပ် ဖြတ်ကျော် လှေဂိတ်ပေါင်း ၃၀ ကျော်နဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပိတ်ထားတာ ယနေ့ အထိပါပဲ။ ဒါပေမယ့် ယခုလို ပိတ်ထား တဲ့ကြားက သောင်းရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းထဲကို ဝင်ရောက်ကြတာဆိုတော့ မြန်မာဘက်ကမ်းက ဂိတ်တာဝန်ရှိသူတွေနဲ့ တဖက်ထိုင်းနိုင်ငံက နယ်စပ်တာဝန်ရှိသူတစ်ချို့ရဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေလို့ပါ။”ဟု ပြောသည်။

ယခုလို တရားမဝင် နယ်စပ်ဖြတ်ကျော်၍ အဖမ်းခံရသူများသည် ၎င်းတို့ကိုယ်တိုင် လမ်းကြောင်းရှာကြံပြီး သွားရောက်ခြင်းမဟုတ်ဘဲ မြဝတီနှင့် မဲဆောက်ဘက်မှ လူကယ်ရီများနှင့် ချိတ်ဆက်ပြီးမှ သွားကြခြင်းဖြစ်နိုင်ကြောင်းဟု ၎င်းရွှေ့ပြောင်းလုပ်သား အရေးစောင့်ကြည့်သူက သုံးသပ်သည်။

လက်ရှိအချိန်ထိ မြဝတီကနေ သောင်းရင်းမြစ်ကို ဖြတ်ပြီး တဖက် ထိုင်းနိုင်ငံ မဲဆောက်အရောက် ကယ်ရီခ တစ်ဦးလျှင် ဘတ် ၃၀၀၀ ဝန်းကျင်ဝန်ဆောင်မှုယူပြီး ပို့ပေးကြောင်း လူကယ်ရီများက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ နှင့် လူသိများသော မြဝတီဟစ်တိုင် Group Post များက တဆင့် ဖြန့်ဝေဆော်ဩမှုများလည်းရှိသည်ဟု မဲဆောက်ဒေသရှိ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီ ဆောင်ရွက်နေသူများက ပြောသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...