Mask ကမ်ပိန်းပြုလုပ်နေသော်လည်း လူစုလူဝေးဖြင့် အာဝါဒေးပွဲများ ကျင်းပနေဆဲ

Mask ကမ်ပိန်းပြုလုပ်နေသော်လည်း လူစုလူဝေးဖြင့် အာဝါဒေးပွဲများ ကျင်းပနေဆဲ

ကရင်ပြည်နယ် မြဝတီမြို့တွင် တကျော့ပြန် ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားလာမှုဂယက်ကြောင့် စစ်ကောင်စီ အုပ် ချုပ်ရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းတစ်ချို့မှ Mask (နှာခေါင်းစည်း)ကမ်ပိန်းများပြုလုပ်မှုများရှိနေသော်လည်း တဖက်တွင် လူစုလူဝေး ဖြစ်စေသော အာဝါဒေးလောင်းကစားပွဲများ ကျင်းပနေဆဲဖြစ်သည်ဟု သိရသည်။

မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း ဒေသအုပ်ချုပ်ရေး ဌာနဆိုင်ရာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ မြို့နယ်အတွင်း Mask ကမ်ပိန်းများ ပြုလုပ်ပြီး ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လုပ်ဆောင်လျက်ရှိသော်လည်း အခြားတဖက်တွင်မူ ဒေသတွင်းလက်နက်အဖွဲ့အစည်းများက ဖွင့်ထားသော လူစုလူဝေးနှင့်ကိုဗစ်ရောဂါပိုးကို ကူးစက်ပြန့်ပွား မှုဖြစ်စေမည့် အာဝါဒေးလောင်းကစားပွဲများ ဆက်ရှိနေခြင်းအပေါ် အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက ” ကိုဗစ်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် လမ်းတွေဈေးတွေမှာ Mask ကမ်ပိန်းများပြုလုပ်ပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတာကိုတော့ ကြိုဆိုရမှာပါ။ ဒါပေမယ့် ညဘက်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွင့်ထားတဲ့ အာဝါဒေးပွဲတွေကတော့ ဆက်ရှိနေတုန်းပဲဆိုတော့ လူရယ်စရာ ဖြစ်နေတယ်ဗျ။ ဒီလောက် လူချင်းနီးနီးကပ်ကပ်ရှိပြီး ကြိတ်ကြိတ်တိုး စည်ကားနေတဲ့ ပွဲခင်းထဲမှာ ကိုဗစ်ပိုးက ပိုပြီးတော့ ကူးစက်နိုင်တယ်လေ။ “ဟု ပြောသည်။

ထို့အပြင် ယခုလို ကိုဗစ်ရောဂါကူးစက်မှု မြင့်မားနေသည့်အခြေအနေမျိုးတွင် ဒေသအုပ်ချုပ်ရေးပိုင်းနှင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်း အကြီးအကဲများအနေဖြင့် အာဝါဒေးပွဲများကို တစ်စုံတစ်ရာ တားဆီးပိတ်ပင်မှုမရှိဘဲ ဆက်ဖွင့်ခွင့်ပေးထားခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ၎င်း မြဝတီမြို့ခံက ဆက်ပြောသည်။

ယခု ရက်ပိုင်းအတွင်း မြဝတီမြို့၌ ကိုဗစ်-၁၉ မျိုးစိတ်သစ် အိုမီခရွန်နှင့် ရောဂါလက္ခဏာဆင်တူသည့် ဖျားနာသူများ ပိုမိုတွေ့ရှိလာကြောင်း ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း စဉ်များတွင် ပါဝင်ဆောင်ရွက်နေသော အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီရက်ထဲ ဖျားနာတဲ့သူတွေ အတော်များတယ်။ မြို့ပေါ်ရပ်ကွက် လမ်းတိုင်းလိုလိုမှာ ဖျားနာနေတဲ့ သူတွေရှိတယ်။ ရောဂါလက္ခဏာတွေကလည်း ကိုဗစ်မျိုးစိတ်သစ် အိုမီခရွန်နဲ့ အတော်လေးတူတာ။ အကယ်၍သာ ဖျားနာသူတိုင်းကို ရောဂါစစ်ဆေးပြီး ဓာတ်ခွဲအတည်ပြုမှုတွေသာ ပြုလုပ်မယ်ဆိုရင် မြဝတီမှာ လက်ရှိ ထုတ်ပြန်ထားတဲ့ကိုဗစ်ပိုးတွေ့လူနာ စာရင်းထက် ပိုမိုများပြားနိုင်တယ်”ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ ၂၁ ရက်နေ့ထိ ၄ ရက် ဆက်တိုက် တနိုင်ငံလုံးအတိုင်းတာဖြင့် နေ့စဉ် ကိုဗစ်ပိုး တွေ့လူနာ (၃၀၀၀) ဝန်းကျင်ရှိကြောင်း စစ်ကောင်စီ၏ ဗဟိုကျန်းမာရေးဝန်ကြီးဌာန MOHS မှ ထုတ်ပြန်ထားပြီး ထိုထဲတွင် မြဝတီမြို့မှ ပိုးတွေ့လူနာ (၁၀) ဦးကျော် နေ့စဉ်ပါဝင်သည်။

လက်ရှိ မြဝတီမြို့၌ အာဝါဒေးပွဲပေါင်း ၃၀ ဝန်းကျင်ခန့် ရှိပြီး ပွဲတစ်ပွဲကို တစ်လလျှင် သိန်း ၃၀ နှုန်းဖြင့် ကစားဝိုင်းကန်ထရိုက်များမှ တာဝန်ခံလက်နက်ကိုင်အဖွဲ့အစည်းထံသို့ ပေးသွင်းရပြီး ထိုငွေများကို တာဝန်ခံလက်နက်ကိုင်အဖွဲ့အစည်းမှတဆင့် ဒေသအာဏာပိုင်များအား ပြန်လည်မျှဝေပေးကြောင်း အာဝါဒေးလောင်းကစားပွဲများနှင့် နီးစပ်သူထံမှ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...