ဖလူးဒေသအား KNLA ပူးပေါင်းတပ်တို့ ပြန်လည်သိမ်းပိုက်၊ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ထပ်မံပစ်ခတ်

ဖလူးဒေသအား KNLA ပူးပေါင်းတပ်တို့ ပြန်လည်သိမ်းပိုက်၊ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ထပ်မံပစ်ခတ်

ပြီးခဲ့သည့် လကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဆုတ်ခွာလိုက်ရသော ဖလူးလေးရွာရှိ လက်နက်ကြီးပစ်စခန်းကုန်းအပါအဝင် ဖလူးဒေသများအား ယနေ့ ဖေဖော်ဝါရီလ ၁၆ရက် နေ့လည်အချိန်ခန့်တွင် ပြန်လည်တိုက်ခိုက်ရယူနိုင်ခဲ့ပြီးဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ကာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ဖလူးလေးကျေးရွာထိပ်ရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းအခြေချ လက်နက်ကြီးပစ်စခန်းကုန်းအပါအဝင် ဖလူးကြီး၊ ဖလူးလေး ကျေးရွာဒေသများအား KNLA တပ်များက ပြန်လည်တိုက်ခိုက်ရယူနိုင်ခဲ့သည်ဟု မြေပြင်သတင်းအရ သိရသည်။

ဒေသတွင်း လှုပ်ရှားနေသည့် တပ်မှူးတစ်ဦးက ” ကုန်းကိုတော့ နေ့လည်ကတည်းက ပြန်ထိုင်နိုင်ပြီးပေါ့နော်။ အဲဒီနေရာက အချက်အခြာကျတဲ့နေရာဆိုတော့ နင်ရောက် နင်နေ၊ ငါရောက် ငါနေပေါ့။ အခုတော့ ပြန်ထိုင်ကြတယ်ပေါ့”ဟု ကေအိုင်စီသို့ အတည်ပြု ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ နေရာများတွင် မွန်းလွဲ ၃ နာရီအချိန်ခန့်က စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့မှုများ လုပ်ဆောင်သွားသဖြင့် ဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုရားကျောင်းနှင့် လူနေအိမ် အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီးမှုရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင် နေရသူများ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ကူးကာ တိမ်းရှောင် နေကြရပြန်ပြီး လက်ရှိအချိန်တွင် အချိန်အခါ မဟုတ် မိုးရွာသွန်းနေသည့်အတွက် အမိုးအကာ နှင့် နေရာထိုင်ခင်း အခက်အခဲများရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီဘက်မှ လေယာဥ်ပစ်ကူ ၊ လက်နက်ကြီး ပစ်ကူများ ဆက်လက် ပစ်ခတ်တိုက်ခိုက်လာပါက ထောင်ချီသည့် စစ်ဘေးရှောင်များ တိုက်ပွဲ လွတ်ရာသို့ ဆက်လက်စစ်ဘေးရှောင်ကြရန် ပြင်ဆင်ထားကြရကြောင်း လေးကေကော်သူကြီး စစ်ရှောင်စခန်းအား ကူညီလုပ်ဆောင်ပေးနေသည့် စခန်းတာဝန်ရှိသူများ ပြောစကားအရ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...