ဆယ်စုနှစ်ပေါင်းများစွာ အသက်သွင်းလာခဲ့သည့် ပြည်ထောင်စုအမည်ခံ အတုအယောင် ပြည်ထောင်စုစနစ်ကို ဝိုင်းဝန်း တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံးက ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက် သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ပြောဆိုသွားခဲ့သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သည့် ၇၄နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အစီအစဉ်အ ပြီးတွင် KNU တွဲဘက် အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက စစ်ကောင်စီက ကျင်းပသွားမည့် (၇၅)နှစ်မြောက် ပြည် ထောင်စုနေ့ အထိမ်းအမှတ် အစီအစဉ်အပေါ် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စုနေ့ကြီးကို တခမ်းတနားနဲ့ ပြုလုပ်ကျင်းပမယ်ဆိုတဲ့ ဖိတ်ခေါ်ချက်တွေကို ကျနော်တို့ကြားနေရတယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ့်ပြည်ထောင်စုစနစ် အနှစ်သာရကို ဖော်ညွန်းတာမဟုတ်ဘဲနဲ့ ၇၅နှစ်တိုင် သူတို့လိုချင်တဲ့အာ ဏာနဲ့ မဟာလူမျိုးကြီးဝါဒအောက်ကနေ ဖန်တီးဖော်ထုတ်တဲ့ အတုအယောင် ပြည်ထောင်စု ဖြစ်တယ်။ အဲ့ဒါကြောင့်မို့ လို့ ဒီကနေ့၊ ဒီအချိန်မှာ သိမြင်နေရကြတဲ့ နားလည်ထားကြားတဲ့ လွဲမှားတဲ့ တစ်ပြည်ထောင် ပြည်ထောင်စုအောက်က ပုံစံသွင်းလုပ်ယူထားတဲ့ ပြည်ထောင်စုအတုကြီးကို ကျနော်တို့ တိုက်ဖျက်ရမယ်။ ဖြိုဖျက်ရမယ်။”ဟု ပြောဆိုခဲ့သည်။
ထို့အပြင် မှန်ကန်ပြီး တရားမျှတမှုနှင့် တန်းတူညီမျှမှု အပြည့်အဝရှိသည့် ဒီမိုကရေစီကို အပြည့်အဝ အာမခံပေးထား သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ၎င်းအတွက် လက်ရှိ အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဦးဆာင်ပြီး ဆွေးနွေးညှိနှိုင်း သဘောတူထားသည့် ဖက်ဒရယ် ပဋိ ညာဉ်ကို ရှေ့ဆက် အတူတကွ ပုံဖော်သွားရင်း ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်သွားရန်လည်း ပဒိုစောလှထွန်းက ဆက်လက် တိုက်တွန်းပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပြည်သူလူထုများ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် နေ့စဉ် အကြမ်းဖက်မှုကို ကြုံတွေ့နေရချိန် စစ်ကောင်စီက ဦးဆောင်ပြီး ၇၅နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို အခမ်းအနားကြီးများဖြင့် ပြုလုပ်သွားရန် စီစဉ်ထားသကဲ့သို့ ၎င်းနေ့ကို အကြောင်းပြု၍လည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ခေါ်ထားချက်ရှိခဲ့သည်။
စစ်ကောင်စီ၏ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ကေအဲန်ယူနှင့် ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က တက်ရောက်ရန် ငြင်း ဆိုထားသော်လည်း ကျန်အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များ၊ အခြားသော လက်နက် ကိုင်အဖွဲ့အစည်းများက တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားကြသည်။
ယင်းသို့ စစ်တပ်၏ ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်မှုအပေါ် ကေအဲန်ယအနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ခေတ်အဆက်ဆက် အုပ်စိုးသူအစိုးရများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း ၎င်းအုပ်စိုးသူများ၏ နိုင်ငံရေး စိတ်ဆန္ဒမရှိမှုနှင့် မရိုးဖြောင့်မှုများကြောင့် နိုင်ငံရေးပြဿနာကို ယနေ့အချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိကြောင်းလည်း ကေအဲန်ယူက ဆိုသည်။
အလားတူ NCA ကို အခြေခံပြီး အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ တတ်သိပညာရှင်များနှင့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည့် အစုအဖွဲ့ပေါင်းစုံ ပါဝင်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သော်လည်း လိုချင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပန်းတိုင်မရောက်ခဲ့သည့် အခြေအနေအောက်တွင် လက်ရှိစစ်တပ်၏ ငြိမ်း ချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးမည့် ရလဒ်ကို တွက်ဆမြင်နိုင်ကြောင်းလည်း ပဒိုစောလှထွန်း ယခုလို ဆက်ပြောသည်။
၎င်းက “တကယ့်ကို ပွင့်လင်းမြင်သာတဲ့ အရပ်သားအစိုးရပေါ်ပေါက်လာခဲ့တဲ့ အခြေအနေအောက်မှာတောင်မှ ကျနော် တို့ဆွေးနွေးရမည့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တပ်မတော်မှ ပိတ်ပင် ဟန့်တား နောက်ယှက်တာတွေ ပြုလုပ်ခဲ့တယ်။ အခု ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်မှာ အစိုးရလည်းမရှိ၊ လွှတ်တော်လည်းမရှိ နိုင်ငံရေးပါတီ လည်း ပြန့်ကြဲ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူ့ရဲ့အခန်းကဏ္ဍမှာ ပါဝင်ပြီး တော့ အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ကာလမှ အခုခေါ်လိုက်တဲ့ နိုင်ငံရေးအကြိုဆွေးနွေးပွဲဟာ တကယ့်ကိုမဖြစ်နိုင်တဲ့ အချိန်ကာလအနေနဲ့ပဲ ရှိပါလိမ့်မယ်။”ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
ထို့အပြင် တပ်မတော်၏ အာဏာထိန်းချုပ်မှုအောက်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲသည်လည်း မှန်ကန်ပြီး အများပြည်သူ တည်ဆောက်ချင်သည့် ပြည်ထောင်စုကြီးကို ဖော်ဆောင်သွားနိုင်မည်ဟု အယုံအကြည်မရှိကြောင်းနှင့် နိုင်ငံရေးစိတ်ဆန္ဒ မှန်ကန်ပါက စစ်တပ်အနေဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် မပါဝင်ရန် လိုအပ်ကြောင်းလည်း ကေအဲန် ယူဘက်က ၎င်းတို့၏သဘောထားကို အခြေခံပြီး ထောက်ပြပြောဆိုခဲ့သည်။
ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျင်းပမည့် ၇၅နှစ်မြောက် ပြည်ထောင်စုနေ့ ဆွေးနွေးပွဲသို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့်အဖွဲ့မှလွဲ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထား သည့်အဖွဲ့အပြင် NCA လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ထာဝရငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်သည်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။
လာမည့် နံနက်ဖြန်တွင်လည်း နေပြည်တော်တွင် ၇၅နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ဗိုလ်ရှု သဘင် အခမ်းအနားများဖြင့် တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံ၏ အထင်ကရဒေသများ ပါဝင်သည့် သရုပ်ပြယာဉ်များ တည်ဆောက်၍ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ရှုသဘင်ခံသွားမည်ဖြစ်သည်။
အလားတူ စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ကေအဲန်ယူအနေဖြင့် တက်ရောက်သွား မည်မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြုလုပ်မည့် ပြည်နယ်ကောင်စီ၏ ပြည် ထောင်စုနေ့ အခမ်းအနားကို ကေအဲန်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့ တက်ရောက်မည်ဖြစ်ကြောင်းလည်း သတင်း များ ထွက်ပေါ်လျက်ရှိသည်။







