စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တက်မည်

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တက်မည်

စိန်ရတု ပြည်ထောင်စုနေ့တွင် စစ်ကောင်စီ ဦးဆောင်ကျင်းပမည့် ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ NCA အပစ်ရပ်ထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)နှင့် (KNU/KNLA-PC) ကရင်ငြိမ်း ချမ်းရေးကောင်စီတို့ တက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်အသီးသီးက အတည်ပြုပြော သည်။

အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် EAOs တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် တက်ရောက်ရန်နှင့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ လုပ်ဆောင်သွားရန် စစ်ကောင်စီက ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ ဆွေးနွေးပွဲသို့ အကြမ်းဖက်အုပ်စု အဖြစ် ကြေညာထားသည့်အဖွဲ့မှလွဲ၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက် မှတ်ထိုးထားသည့်အဖွဲ့အပြင် NCA လက်မှတ်မထိုထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လည်း ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်သည်ဆိုပြီး စစ်ကောင်စီ ဖိတ်ခေါ်မှုအပေါ် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးက ယခုလိုပြောသည်။

“ကျနော်ကိုယ်တိုင်ကတော့ မသွားဘူး။ ဒီက ကိုယ်စားလှယ်တစ်ယောက်ယောက်တော့ လွှတ်သွားမယ်။” ဟု ဗိုလ်ချုပ်ကြီး စောစတီးက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

သို့သော် စစ်ကောင်စီ၏ ဖိတ်ခေါ်မှုအပေါ် သွားရောက်မည့်သူကို ရွေးချယ်စေလွှတ်ရန် ရှိသော်လည်း ယနေ့ အချိန်ထိ ရွေးချယ်ရခြင်းမရှိသေးကြောင်း နှင့် ယခုလိုသွားရောက်မည်မှာလည်း အခမ်းအနားပွဲကို တက် ရောက် ရန်သာဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုများနှင့် ပတ်သက်မှုမရှိကြောင်းလည်း DKBA တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီဖိတ်ခေါ်မှုတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်သွားရန် ပါဝင်သလို ဆွေးနွေးပွဲထဲတွင်လည်း ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင် ကန့်သတ်ချက်မထားဘဲ တတ်နိုင်သမျှ လွတ်လပ်စွာ နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ကြောင်းလည်း ဖိတ်ခေါ်စာတွင် ပါရှိသည်။

ထို့အပြင် နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ထဲတွင် အမျိုးသားရေး လုပ်ငန်းစဉ်၊ နိုင်ငံရေးလုပ်ငန်းစဉ်အပြင် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ် အဖြစ် ယခုနှစ်မှ စ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းအသစ်များ စတင်မည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်စာတွင် ဆက်လက် ရေးသားဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီဘက်မှာ အခမ်းအနားပွဲနှင့်အတူ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်သွားရန် ရည်ရွယ်ဖော်ပြ ပြောဆိုထားသော်လည်း ၎င်းတို့အနေဖြင့် ပွဲအခမ်းအနားကိုသာ တက်ရောက်သွားမည်ဖြစ်ကြောင်း KNU/KNLA-PC ဘက်က ယခုလိုပြောသည်။

KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က “ကျနော်တို့ ပြည်နယ်မှာ အခက်အခဲမျိုးစုံရှိနေပေမဲ့လည်း တိုင်းရင်းသားအချင်းချင်းကြားမှာ စုဝေးတွေ့ဆုံတာ၊ ပူးပေါင်း လုပ်ဆောင်တဲ့ အမှတ်သင်္ကေတ အနေနဲ့ပဲသွားမှာပါ။ နိုင်ငံရေးအကြောင်းအရာတွေမပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပွဲသို့ KNU/KNLA-PC ဒုဥက္ကဌ နော်ကပေါ်ထူး နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သွားမည်ဖြစ်ပြီး အဖွဲ့ကိုယ်စားလှယ်အတိအကျကို သေချာမသေးကြောင်းနှင့် ယခုတက်ရောက်မည့် အစီအစဉ်သည်လည်း အသိအမှတ်ပြုခြင်း၊ နိုင်ငံရေးအရဆုံးဖြတ်ချက်ချချင်းသဘောထားများမပါဝင်ကြောင်းလည်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

ယခုလို အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့် ထာဝရ ငြိမ်း ချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကို ကရင်လက်နက်ကိုင်နှစ်ဖွဲ့ တက်ရောက်မည်ဖြစ်သော်လည်း စစ်ကောင်စီ၏ ဖိတ်ကြားမှုအပေါ် တက်ရောက်ဆွေးနွေးသွားမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်က ငြင်းဆိုထားသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းပြည်တစ်ဝှမ်း အကြမ်းဖက်မှု ပဋိပက္ခများ ပိုတိုးဖြစ်ပေါ်လာပြီး စစ် ကောင်စီ ဘက်မှ ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများကို အကြမ်းဖက်နည်းလမ်းများဖြင့် တိုက်ခိုက်ဖြိုခွင်းနေကာ လေကြောင်း တိုက်ခိုက်မှုပါ ပြုလုပ်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်မှုကြောင့် ထောင်နှင့်ချီသော အရပ်သား ပြည်သူများ သေဆုံးခဲ့ရသလို သိန်းနှင့်ချီသည့် ဒေသခံပြည်သူများလည်း စစ်ဘေးရှောင်နေကြရစဉ် ယခုလို စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပသွားရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...