KNU တပ်မဟာ ၅ တွင် တစ်လတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ် ၂၀၀ နီးပါး ကျဆုံး

KNU တပ်မဟာ ၅ တွင် တစ်လတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ် ၂၀၀ နီးပါး ကျဆုံး

KNU-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့အကြား ဇန်နဝါရီလ တစ်လတာအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ ၂၀၀ နီးပါးကျဆုံးခဲ့သည်ဟု တပ်မဟာ (၅)ဘက်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီလ တစ်လတာအတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံနယ်ခြားစောင့် တပ်(BGF) တပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း ၃၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ၁၉၄ ဦးကျဆုံးကာ ၂၀၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုကျဆုံးသူများထဲတွင် ဒုတပ်ရင်းမှူး တစ်ဦး ပါဝင်သလို ထိခိုက်ဒဏ်ရာရရှိသူများတွင်လည်း တပ်ရင်းမှူး (၂)ဦး၊ တပ်ခွဲမှူး တစ်ဦး၊ ဒု တပ်ခွဲမှူး တစ်ဦးနှင့် ဒုတပ်စုမှူး တစ်ဦး ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ KNLA ဘက်မှ ၃ ဦး ကျဆုံးပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်မှ အရပ်သားအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဒေသခံ အရပ်သား ၅ ဦး သေဆုံးပြီး ၁၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟုလည်း တပ်မဟာ ၅ က ပြောသည်။  

၎င်းအပြင် ထိုလအတွင်း စစ်ကောင်စီဘက်မှ KNU တပ်မဟာ(၅) နယ်မြေအတွင်းသို့ လေယာဉ်ဖြင့် ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ဗုံးဆံ ၁၄ လုံး ကြဲချခဲ့သလို လက်နက်ကြီးအလုံးပေါင်း ၁၈၂ လုံးပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူများ၏ နေအိမ်အဆောက်အအုံအချို့ နှင့် လုပ်ကိုင်စားသောက်မြေများကို ထိခိုက်ပျက်စီးခဲ့သည်ဟု တပ်မဟာ ၅ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လူသူ ရိက္ခာတင်ပို့ရာတွင် အသုံးပြုခဲ့သည့် စစ်သုံး မော်တော်ယာဉ် ၂၀ စီး နှင့် မြင်းလား ၄ ကောင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

KNU တပ်မဟာ (၇)နယ်မြေမှလွဲ၍ ကျန်တပ်မဟာ နယ်မြေအသီးသီးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်သည်။  လက်ရှိတွင်လည်း စစ်ကောင်စီ ဘက်မှ တပ်အင်အားတိုးချဲ့လာသလို KNU ဘက်မှလည်း သတိပေးစာများထုတ်ပြန်ထားခြင်းကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုမှုများရှိသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...