ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း KNU တပ်မဟာ ၅ ပြော

ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း KNU တပ်မဟာ ၅ ပြော

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ပြည့်ကာလအတွင်း ဖာပွန် ခရိုင်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားမှာ ၁၀ ရာခိုင်နှုန်းခန့်သာကျန်ရှိတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)ဘက်က ပြောဆိုသည်။

စစ်အာဏာသိမ်းမှု နောက်ပိုင်း နှစ်ဖက်ထိတွေတိုက်ပွဲ အများဆုံး ဖြစ်ပေါ်နေသည့် KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း အစိုးရ ယန္တရား အားကောင်းစေခဲ့သည့် ကျန်းမာရေး၊ ပညာရေး ယန္တရားများသည် လက်ရှိ ၎င်းတို့ ထိန်းချုပ်နိုင်ရာ မြို့ပေါ်ရပ်ကွက်များတွင်သာ ကျန်ရှိတော့ ကြောင်း KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ယခုလိုပြောသည်။

“သူတို့ အုပ်ချုပ်ရေးက ပြောရမယ်ဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတော့တယ်လို့ ပြောလို့ရတယ်။ ဖာပွန်မြို့ ပတ်ပတ်လည်နဲ့ ဖာပွန်-ကမမောင်း လမ်းပတ်ပတ်လည်မှာ သူတို့ ကျန်းမာရေး၊ ပညာရေး အများကြီး လာချပြီး လွှမ်းမိုးထားပေမဲ့ အခုက အကုန်လုံးပျက်ကုန်ပြီး။ အခု ပြောရမယ်ဆိုရင် ဖာပွန်၊ ကမမောင်းနဲ့ ကတိုင်တိ လမ်းတစ်လျှောက်လောက်မှာပဲ သူတို့ အုပ်ချုပ်ရေးက ၁၀ ရာခိုင်နှုန်း လောက်ပဲ ကျန်တယ်လို့ ပြောလို့ရတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ ဖာပွန်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အထက်အောက် အမိန့်နာခံမှုများ ကျဆင်းလာသလို ၎င်းတို့၏ တပ်စခန်းအချို့ကိုလည်း စွန့်လွှတ်ခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ထက်မနည်း KNU တပ်မဟာ (၅) ထံ လက်နက်ချ ဘက်ပြောင်းသွားကြောင်းလည်း KNU တပ်မဟာ (၅) ဘက်က ပြောသည်။

“တပ်ပိုင်းမှာဆိုရင် သူတို့ စခန်းတော်တော်များကို စွန့်လိုက်ရပြီး။ ရှေ့တန်း ရောက်နေတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေလည်း အမိန့်နာခံမှုမရှိတော့ဘူး။ တပ်ရင်းမှူးက ဗျူဟာမှူးရဲ့အမိန့်နာခံမှု၊ ဗျူဟာမှူးက တပ်မမှူးရဲ့ အမိန့်နာခံမှု၊ တပ်မမှူးက တိုင်းမှူးရဲ့ အမိန့်နာခံမှု မရှိကြတော့ဘူး။ တစ်ဆင့်ပြီးတစ်ဆင့် လိမ်ကြတာကို တွေ့ရတယ်။ သူတို့လူ သေပြီး ထိခိုက်ပြီးဆိုတာကို မတင်ပြဘူး။ တစ်နေရာကို သွားရဖို့ ညွှန်ကြားရင်လည်း သွားပြီးလို့ ပြောပြီး မသွားတာလည်းရှိတယ်” ဟု ဗိုလ်မှူးကြီး စောထူးကရှောက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင်လည်း မူတြော်(ဖာပွန်)ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ကြသော အရပ်ဖက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများ အနေဖြင့် သတ်မှတ်ရက် ယခုလ ဖေဖော်ဝါရီလ ၁ရက်မှ ၁၀ ရက်နေ့အတွင်း ထွက်ခွာကြရန် နှင့် မြို့ခံ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်မှုများကို ရှောင်ရှားကြရန် KNU တပ်မဟာ (၅) ဘက်က စာထုတ်ပြန် အသိပေးထားသည်။

၎င်းတို့ ထုတ်ပြန်ထားသည့် သတ်မှတ်ရက်ကာလအတွင်း အသိပေးထားသည့်အတိုင်း လိုက်နာမှု ပျက်ကွက်သွားပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း KNU ဘက်က သတိပေး ပြောဆိုထားသည်။

အဆိုပါ သတိပေးထုတ်ပြန်မှုကြောင့် လက်ရှိ ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း များကို စစ်ကောင်စီ ဗျူဟာမှူးမှ အစည်းအဝေးခေါ်ယူ၍ မြို့တွင်း ထွက်ခွာ ရှောင်တိမ်းမှုများ မပြု လုပ်ရန် ခေါ်ယူသတိပေးထားသလို မြို့တွင်းမှ ထွက်ခွာနိုင်မည့် လမ်းကြောင်းများအားလုံးကိုလည်း လုံခြုံရေး တင်းကြပ်ထားကြောင်းလည်း ဒေသခံများက ဆိုသည်။

ယခုလို စာထုတ်ပြန် သတိပေးရခြင်းမှာလည်း စစ်ကောင်စီဘက်မှ ကေအဲန်ယူ အုပ်ချုပ်ရေး ယန္တရားကို ဖျက်ဆီးနေခြင်းအပေါ် လက်တုန့်ပြန်ဆောင်ရွက်ခြင်းဖြစ်သလို လက်ရှိအချိန်ကာလသည်လည်း စစ်ကောင်စီ၏ ယန္တရား ပျက်သုဉ်းသွားရန် နှင့် ၎င်းတို့ လက်အောက်တွင်း တာဝန်မထမ်းဆောင် လိုသူများအတွက် အချိန်အခါကောင်းဖြစ်ကြောင်းလည်း KNU က ဆိုသည်။

စစ်ကောင်စီလက်အောက်မှ ထွက်ခွာလိုသူများအနေဖြင့် လက်ရှိအချိန်တွင် အချိန်အခါ ကောင်းဖြစ် ကြောင်းနှင့် စစ်ကောင်စီဘက်မှ တင်းကြပ်ထားသော်လည်း ထွက်ခွာလိုသူများအနေဖြင့် KNU ဘက်မှ ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ကူညီပေးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းလည်း KNUနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များအရ သိရသည်။

ကေအဲန်ယူ မူတြော်ခရိုင် (ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်)သည် ၂၀၁၁ ခုနှစ်တွင် ဖားအံခရိုင်မှ ခွဲထွက်ပြီး  မြို့နယ် (၁)ခုနှင့် မြို့နယ်ခွဲ တစ်ခုဖြင့် ဖာပွန်ခရိုင်ဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်တွင် မြို့နယ်ခွဲကို ပယ်ဖျက်၍ ဖာပွန်မြို့နယ် နှင့် ဖာပွန်မြို့၊ ကမမောင်းမြို့ဟူ၍ မြို့နယ်တစ်ခုနှင့် မြို့နှစ်မြို့ ဖြင့် ပြန်လည်ဖွဲ့စည်းထားကြောင်း သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...