ဖာပွန်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ၁၀ရက်အတွင်း ထွက်ခွာပေးရန် KNLA တပ်မဟာ (၅) စာထုတ်

ဖာပွန်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ၁၀ရက်အတွင်း ထွက်ခွာပေးရန် KNLA တပ်မဟာ (၅) စာထုတ်

KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေထဲတွင် စစ်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရန်အတွက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဖာပွန်မြို့ရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအားလုံး (၁၀)ရက်အတွင်း ထွက်ခွာပေးရန် ကရင်အမျိုးသားလွှတ်မြောက်ရေး တပ်မတော် -KNLA တပ်မဟာ(၅) စစ်ရေးချုပ်ရုံးက ယနေ့ ဇန်နဝါရီလ ၂၉ရက်နေ့စွဲဖြင့် သတိပေးစာတစ်စောင်ထုတ်ပြန်သည်။

ဖာပွန်မြို့ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် အရပ်ဖက်ဆိုင်ရာ ဌာနနအသီးသီးမှ ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ပြီး (၁၀)ရက်နေ့အထိ ထွက်ခွာခွင့်ရက်ပေးပြီး အဆိုပါ သတ်မှတ်ချိန်နှင့်နေ့ရက်တွက် ရေလမ်းခရီးဖြင့် အတားအဆီးမရှိ မိမိနေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ကြောင်း သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖာပွန်မြို့ခံ ဝန်ထမ်းများဖြစ်ပါက စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းကိုရှောင်ရှားကြရန်ကိုလည်း သတိပေးထားသလို အဆိုပါ အသိပေးအကြောင်းကြားချက်များနှင့်ပတ်သက်၍ လိုက်နာမှုမရှိဘဲ ဆက်လက်လုပ်ဆောင်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများမှ နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်နေမှာ ကမ္ဘာအသိပင်ဖြစ်၍ KNU/KNLA တပ်မဟာ(၅) နယ်မြေ အတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရေးအတွက် ယခုလို သတိပေး ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

KNU မူတြော်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းထံတွင် ခြေလျင်ဖြစ်စေ၊ မော်တော်ယာဉ်နှင့်ဖြစ်စေ ရိက္ခာပို့၍မရသည့်အတွက် ဇန်နဝါရီ လ၂၉ရက်နေ့တွင် KNU ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ ခေါပုတ်စခန်းထံ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်အသုံးပြုပြီး (၄)ကြိမ်တိုင်ရိက္ခာများ ပို့ဆောင်နေသည်ဟုလည်း KNU မူတြော်သတင်းစဉ်က ယနေ့ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၇)ရက်နေ့ တွင်လည်း ဖာပွန်မြို့အနောက်ဘက်ကမ်းရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အတွက် လသားအရွယ် ကလေးငယ်အပါအဝင် (၃)ဦး ထိမှန်သေဆုံးပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...