ဖလူးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကြောင်း DKBA ပြော

ဖလူးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကြောင်း DKBA ပြော

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးဒေသမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ဒီကေဘီအေပူးပေါင်းတပ်တို့အကြား မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်က ၆ ဦးသေဆုံးသွားခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့က မြ၀တီမြို့တောင်ဘက်မှာရှိတဲ့ ဖလူးဒေသမှာ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်နဲ့ ကေအဲန်ယူ ဒီကေဘီအေ ပီဒီအက်ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးသွားခဲ့ကာ ၇ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

ဒါ့အပြင် မနေ့က တိုက်ပွဲမှာ စစ်ကောင်စီရဲ့ အသုံးအဆောင်ပစ္စည်းအချို့နဲ့ ကျည်ဆံဗုံးသီးအချို့ကို သိမ်းဆည်းရမိခဲ့ပြီး ဒီကဘီအေပူးပေါင်းတပ်ဘက်ကတော့ ၅ ဦး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တယ်လို့ ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

မြ၀တီမြို့နယ် ဖလူးဒေသထဲမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ရဲ့ စခန်းကို အာဏာသိမ်းစစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းတွေက ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီးနောက် မနေ့ကတိုက်ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဟာ မြေပြင်မှာ အင်အားတွေတိုးချဲ့နေသလို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဖလူးဒေသတိုက်ပွဲ ငါးရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေထပ်မံလုပ်ဆောင်ခဲ့ပြီး ဖလူးဒေသတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ဘီဂျီအက်ပူးပေါင်းတပ်တွေဟာ ဖလူးဒေသမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုယက်ယူဆောင်ခိုးယူသွားခဲ့သလို ဘုန်းကြီးကျောင်းထဲက ပစ္စည်းတွေကိုပါ ခိုးယူသွားခဲ့တယ်လို့ ဒီကေဘီအေက ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းသုံးဖွဲ့ထဲက တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး မြ၀တီ ကော့ကရိတ် ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူမြို့တွေမှာ အခြေချလှုပ်ရှားနေတာ ဖြစ်ပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...