PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည့်အပေါ် တိုင်းရင်းသားပါတီများရဲ့ သဘောထား

PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည့်အပေါ် တိုင်းရင်းသားပါတီများရဲ့ သဘောထား

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမာမှုပြုလုပ်ခဲ့သည်ဆိုသည့် အကြောင်းပြချက်တွင် နိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီမှခန့်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကလည်း ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(Frirst Past the Post–FPTP)စနစ်မဟုတ်ဘဲ အချိုးကျကိုယ်စားပြု (Proportional Representation–PR)စနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းလာနေသည်။

ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများအပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် (FPTP)စနစ်ဖြင့်ပြုလုပ်ခဲ့သည်။

ယခုစစ်ကောင်စီက အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ရွေးကောက်ပွဲကျင်းပမည့်အပေါ် ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အကောင်းဘက်သို့ရှုမြင်သည်။

ယခင်ကျင်းပခဲ့သည့် အနိုင်ရအကုန်ယူ(FPTP)စနစ်သည် အာဏာရှင်ပါတီစနစ်လမ်းကြောင်းဘက်ကိုသွားကြောင်းနှင့် တိုင်းရင်းသားများသည့် မြန်မာနိုင်ငံတွင်အချိုးကျကိုယ်စားပြု(PR)စနစ်ကျင်သုံးလျှင် ညွန့်ပေါင်းအစိုးရအခင်းအကျင်းဖြစ်လာမည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

“(PR)နဲ့သွားရင် ညွှန့်ပေါင်းအစိုးရဖြစ်မယ့်အခင်းအကျင်းကို ဖန်တီးပေးတယ်။ ပါတီတစ်ခုက လက်ဝါးကြီးအုပ်လို့မရတော့ဘူး။ ပါတီအများစုကအမတ်တွေဖြစ်လာမယ်။ နည်းတာနဲ့များတာပဲရှိမယ်။ အဲတော့ ညှိနှိုင်းတိုင်ပင်ပြီးမှအစိုးရဖွဲ့ရမယ်ဆိုတော့ တပ်ကလည်း သူ့ဟာသူအစိုးရဖွဲ့လို့မရဘူး။ ဒီကတက်လာတဲ့ပါတီတွေနဲ့ ညှိနှိုင်းပြီးမှသာအစိုးရဖွဲ့ရမယ်”ဟု ၎င်းကပြောသည်။

(PR) သို့မဟုတ် (FPTP) စနစ်တခုခုဖြင့် ရွေးကောက်ပွဲကျင်းပလျှင်လည်း AFP ပါတီအနေဖြင့် ပါတီမဖျက်သိမ်းရေးအတွက် ရွေးကောက်ပွဲတိုင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းဆိုသည်။

လက်ရှိတွင် (PR)စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်သည် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ(၉၀)ကျော်ထဲမှ ပါတီ(၅၉)ခုနှင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလတွင် ပထမအကြိမ်အဖြစ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုဝင်ဘာလတွင် ဒုတိယအကြိမ်၊ ဒီဇင်ဘာလတွင် တတိယအကြိမ်အဖြစ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲကို ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မျိုးနွယ်စုပါတီအချို့နှင့် ကြံ့ခိုင်ရေးပါတီ(USDP)အပါအဝင် စစ်ကောင်စီ၏ ကျောနောက်ခံပါတီအချို့လည်း တက်ရောက်ခဲ့ကြသည်။

ခမီအမျိုးသားတိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသန်းဌေးကလည်း ယခင်ကျင်းပခဲ့သည့်(FPTP)စနစ်သည် တစ်ပါတီကြီးစိုးသည့်အနေအထားသည့်ဖြစ်သည့်အတွက် မျိုးနွယ်စုတိုင်းရင်းသားပါတီငယ်များ လွှတ်တော်ရောက်ရှိရေးမှာ PR စနစ်က လိုအပ်ကြောင်းပြောသည်။

“တိုင်းရင်းသားပါတီငယ်လေးတွေ လွှတ်တော်အခင်းအကျင်း ရောက်နိုင်ဖို့ဆိုတာ PR စနစ်ကလိုအပ်တယ်။ PR စနစ်ကို အရင်ကတည်းကစိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် PR စနစ်က အမျိုးမျိုးရှိတော့ တကယ့်ကျင်းပတဲ့အချိန်မှာ ဘယ်လိုဖြစ်လာမလဲ၊ ကျနော်တို့အတွက် အဆင်ပြေမလား။ အဲတာကစဉ်းစားစရာဖြစ်တယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူဆွေးနွေးနေသည့် PR စနစ်နှင့်ပတ်သက်သည့်ဆွေးနွေးပွဲကို တစ်ကြိမ်မှ တက်ရောက်ခြင်းမရှိသေးသည့် ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် လက်ရှိတွင် PR စနစ်အပေါ်တွင် လေ့လာသုံးသပ်နေဆဲဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကပြောသည်။

လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ရွေးကောက်ပွဲပြုလုပ်သွားမည်ဟု စစ်ကောင်စီမှပြောဆိုထားသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေရ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲလုပ်၍ရသည့် အခင်းအကျင်းမျိုးမရှိသေးကြောင်းလည်း ဦးသာထွန်းလှကဆိုသည်။

“လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေက ရွေးကောက်ပွဲအသစ်တစ်ခုလုပ်လို့ရတဲ့ အခင်းအကျင်းမျိုးမရှိနိုင်ဘူးလို့သုံးသပ်တယ်။ မြန်မာနိုင်ငံမှာ အကုန်လုံးရှုပ်ထွေးနေတဲ့အခြေအနေရှိတယ်။ နိုင်ငံရေးအခြေအနေကလည်း တည်ငြိမ်နေတဲ့အနေအထားကို မရောက်သေးဘူးလို့ မြင်တယ်”ဟု ၎င်းကပြောသည်။

အာဏာရှင်စနစ်အလိုမရှိကြောင်း ထုတ်ပြန်ပြောဆိုထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အနေဖြင့်လည်း လက်ရှိ PR စနစ်အပေါ်လေ့လာခြင်းမရှိသလို ပါတီတွင်းဆွေးနွေးမှုမရှိသည့်အတွက် မှတ်ချက်မပေးလိုကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်ကဆိုသည်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ UEC မှ ရွေးကောက်ပွဲတွင်ကျင့်သုံးရန်ကြိုးပမ်းနေသည့် PR စနစ်ကို ဂျာမနီ၊ အီတလီ၊ ဆွီဒင်၊ အင်ဂျင်တီးနား၊ ဘရာဇီး၊ ဟောင်ကောင်၊ အင်ဒိုနီးရှား စသည့်နိုင်ငံပေါင်းတစ်ရာကျော်က ကျင့်သုံးနေကြသည်။

PR စနစ်တွင် ကျင့်သုံးပုံစနစ်အမျိုးမျိုးရှိပြီး ယင်းအထဲတွင် ပါတီအလိုက်အမည်စာရင်းကို ရွေးချယ်သောစနစ်(List Proportional Representation)၊ ပေါင်းစပ်ထားသော အချိုးကျရွေးချယ်သည့်စနစ် (Mix Member Proportional System)နှင့် လွှဲပြောင်းပေးနိုင်သော မဲတစ်မဲစနစ်(Single Transferable Vote System) တို့အပါအဝင် အခြားကျင့်သုံးပုံစနစ် အမျိုးမျိုးရှိသည်ကိုတွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် မည်သည့် PR စနစ်ပုံစံအားကျင့်သုံးမည်ကို အတိအကျမသိရှိရသော်လည်း တိုင်းရင်းသားဒေသများအတွက် အကျိုးရှိလျှင် အဆိုပါစနစ်အားလက်ခံသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“တိုင်းရင်းသားဒေသတွေအတွက် အကျိုးရှိတယ်ဆိုရင်တော့ PR စနစ်ကိုလက်ခံတယ်။ အခုကတော့ အတိအကျဆုံးဖြတ်မပေးသေးဘူး။ အတိအကျဆုံးဖြတ်တဲ့အခါ တိုင်းရင်းသားဒေသတွေအတွက် အကျိုးရှိတယ်ဆိုရင်တော့ လက်ခံသွားမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် အခြေခံဖွဲ့စည်းပုံအရ အသာစီးရယူထားသည့် (၂၅)ရာခိုင်နှုန်းသာမက ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးခြင်းနှင့်အတူ အစိုးရနှင့်လွှတ်တော်ကို တပြိုင်တည်းအာဏာရယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

ပြီးခဲ့သည့် ၂၀၁၀-၂၀၁၅ လွှတ်တော်သက်တမ်းတွင် PR စနစ်နှင့်ပတ်သက်၍ လွှတ်တော်အတွင်း အငြင်းပွားမှုဖြစ်ပွားခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်ကိုခံယူရာတွင် PR စနစ်သည် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟုဆုံးဖြတ်ခဲ့သည်။

ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးထွန်းဝင်းက “PR စနစ်ရော၊ စစ်ကောင်စီက မကြာခင်လုပ်မယ်လို့မျှော်လင့်ထားတဲ့ ရွေးကောက်ပွဲကိုရော ရင်ခုန်မှုတွေသိပ်မရှိဘူး။ ဒါက တကယ်ဖြစ်ကောဖြစ်လာနိုင်သလား။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ဆိုရင် သိပ်လွယ်မယ်လို့မထင်ဘူး”ဟု ဆိုသည်။

လက်ရှိစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှ ကြိုးပမ်းနေသည့် PR စနစ်တွင် ပြည်သူလူထုက ပါတီကိုသာမဲပေးရပြီး အနိုင်ရသည့်ပါတီမှ ရွေးချယ်သည့်အမတ်ကိုခန့်အပ်ရမည့် စာရင်းပိတ်ပုံစံမျိုးပါဝင်သည်။ ယင်းအပြင် ပါတီနှင့်ကိုယ်စားလှယ်ကိုပါ မဲပေးရပြီး အနိုင်ရသည့်ပါတီ၏ အများဆုံးမဲရသူကိုခန့်အပ်ရမည့် စာရင်းဖွင့်ပုံစံမျိုးပါဝင်ကြောင်း ကော်မရှင်နှင့် ဆွေးနွေးနေသည့်ပါတီများထံမှ သိရသည်။

သို့သော် မည်သည့် PR စနစ်ပုံစံမျိုးဖြင့်ကျင့်သုံးမည်ကို အတိအကျသတ်မှတ်ခြင်းမရှိသေးပေ။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတို့ထပ်မံဆွေးနွေးရန် ရှိနေသေးကြောင်း သိရသည်။

Most read this week

အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
နမ့်ဆန်းထီ — ကားလမ်းမကြီးနဲ့အတန်ငယ်လှမ်းပြီး မြို့ပြဆူညံသံတွေနဲ့ဝေးတဲ့ လယ်ကွင်းတွေ၊...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...