မြဝတီနယ်စပ်မှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၈ ဦးနှင့် လူကယ်ရီ ၁ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့ ဖမ်းမိ

မြဝတီနယ်စပ်မှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၈ ဦးနှင့် လူကယ်ရီ ၁ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့ ဖမ်းမိ

ထိုင်းနိုင်ငံအတွင်းပိုင်း ဘန်ကောက်သို့ သွားရန် ပွဲစားခ တစ်ဦးလျှင် ၂၈,၀၀၀ ဘတ်ပေးပြီး မြဝတီနယ်စပ် မှတဆင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် နယ်စပ်ဖြတ် ကျော်ဝင်ရောက်သူ (၈) ဦး နှင့် လူကယ်ရီ ၁ ဦးအား ထိုင်းနယ်စပ်လုံခြုံရေးအဖွဲ့က ယနေ့ နံနက်ပိုင်းမှာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူများသည် ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်သူများ ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရန် လူကယ်ရီဖြင့် ချိတ်ဆက်ကာ ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းက မြဝတီနယ်စပ်မှတဆင့် ထိုင်းဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ရာမှ ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

မဲဆောက်ရှိ ထိုင်းဒေသအာဏာပိုင်များနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်တစ်ခုက "ဇန်နဝါရီလ  ၇ ရက် နေ့ မနက်ပိုင်းမှာ လူကယ်ရီနဲ့ ချိတ်ဆက်ပြီး မြဝတီမြို့အမှတ်(၁)ရပ်ကွက် ရေလည်ကျွန်းကနေ သောင်ရင်းမြစ်ကို စက်လှေဖြင့် ကူးသွားခဲ့တယ်။ မဲဆောက်မြို့ ထပ်ဆိုင်လွပ်တိုက်နယ် မယ်တော်ရပ် ကွက်(၁) အရောက်မှာ သတင်းအရ ထိုင်းနယ်စပ်လုံခြုံရေးအဖွဲ့က ဖမ်းမိတာခဲ့တာဖြစ်ပါတယ်။ "ဟု ပြောသည်။

မြဝတီနယ်စပ်တွင် ကိုဗစ်ပထမလှိုင်း ၂၀၂၀ ခုနှစ်၊ မတ်လ အစောပိုင်းကတည်းက ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားအပါအဝင် နယ်ခြားသောင်ရင်းမြစ်ဖြတ်ကျော် လှေဂိတ်ပေါင်း ၃၀ ကျော်အား ပိတ်ထားစေခဲ့သည်။  

သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကာလတွင် ယခင်ပိတ်ထားခဲ့သည့် သောင်ရင်းမြစ်ဖြတ်ကျော် လှေဂိတ် အတော်များများမှာ တရားမဝင် နယ်စပ်ကုန်သွယ်မှုနှင့် လူကယ်ရီများ၏ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုအတွက် ပြန်လည်အသုံးပြုလာကြသည်။

ထိုင်းဘက်ခြမ်း၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်၊ ကိုဗစ်ကာလ ပထမလှိုင်းမှစ၍ ယခုအချိန်ထိ(၂)နှစ်နီးပါးကာလအတွင်း ထိုင်းဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင် ရောက်မှုကြောင့် ဖမ်းဆီးခံရသူ လူဦးရေ ၅ သောင်းနီးပါး ရှိကြောင်း သိရသည်။

၎င်းတို့သည် ထိုင်း-မြန်မာ နယ်ခြား တရားမဝင်နယ်စပ်ဝင်ပေါက်များ ဖြစ်သော မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ဘုရားသုံးဆူ-ကန်ချနဘူရီ၊ တာချီလိတ်-မယ်ဆိုင်၊ မောတောင်-ထီးခီးလမ်း အစရှိသော လမ်းကြောင်းများမှတဆင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ထိုင်းဘက်ခြမ်းက သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ မှစ၍ ထိုင်းဘက်ခြမ်းတွင် တရားမဝင်နေထိုင်သူများအား CJ ပတ်စ်ပို့ အပါအဝင် နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးမည်ဟူသော သတင်းဂ ယက်ကြောင့် မြန်မာဘက်ခြမ်းမှ ထိုင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ ပိုမိုပြုလုပ် လာကြခြင်းလည်းဖြစ်သည်။

ထိုသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ထိုင်းဘက်ခြမ်းတွင် နေ့စဉ်လိုလို ဖမ်းဆီးခံရမှု များရှိနေပြီး ယခုနှစ်သစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ထိ တပတ်အတွင်း ဖမ်းဆီးခံရသူ ၄၀၀ နီးပါးရှိကြောင်း ထိုင်းဘက်ခြမ်း၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...