မဲတစ်ကြိမ်ထက် ပိုပေးတဲ့သူတွေ အရေးယူမှု စောင့်ကြည့်အဖွဲ့တွေ မေးခွန်းထုတ်

မဲတစ်ကြိမ်ထက် ပိုပေးတဲ့သူတွေ အရေးယူမှု စောင့်ကြည့်အဖွဲ့တွေ မေးခွန်းထုတ်

မွန်ပြည်နယ်မှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲတစ်ကြိမ်ထက် ပိုပေးတဲ့သူတွေကို အမှုဖွင့်အရေးယူတာတွေ စတင် လုပ်ဆောင်ပြီးလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲတစ်ကြိမ်ထက်ပိုပေးခဲ့တဲ့သူတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)၊ ၁၇၁(ဆ) တို့နဲ့ အမှုဖွင့် အရေးယူနေတာ ဖြစ်ပြီး၊ သံလွင်တိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ် ၊ ပေါင်မြို့နယ် တစ်ခုတည်းမှာပဲ မဲတစ်ကြိမ်ထက်ပိုပေးခဲ့တဲ့သူ ၁၀ ယောက်နီးပါးကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည်ရေးအဖွဲ့တွေကတော့ မဲတစ်ကြိမ်ထက် ပိုပေးခဲ့တဲ့သူတွေကို ရွေးကောက်ပွဲပြီးနောက် အရေးယူတာတွေ လုပ်ဆောင်ခဲ့ပြီး နိုင်ငံအတိုင်းအတာအရ အယောက် ၃၀ ကို အမှုဖွင့်အရေးယူခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အခုဖြစ်စဉ်မှာ စစ်ကောင်စီရဲ့ အရေးယူမှုဟာ ပွင့်လင်းမြင်သာမှု မရှိသလို အချက်အလက်တွေကို ဘယ်လို စိစစ်လဲဆိုတာကအစ မေးခွန်းထုတ်စရာ ရှိတယ်လို့ ပြောပါတယ်။

“ ဒီလူက မဲနှစ်ကြိမ် ပေးတယ်ဆိုရင် ဒီလူကို ရဲအရေးပိုင်တဲ့ အမှုနဲ့ တခါတည်း အမှုဖွင့်တယ် ၊ တခါတည်း တရားစွဲတယ်။ ကျန်တဲ့ဟာတွေအပေါ်မှာတော့ သူတို့ဘယ်လို တွေ့ရှိတယ် ၊ စိစစ်လဲဆိုတာကို ကျွန်တော်တို့ မသိရဘူး။ ဒီလူက မဲနှစ်ကြိမ်ပေးပါတယ်ဆိုတာကို သူတို့ ဘယ်လိုစိစစ်လဲဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်” လို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲပိုပေးခဲ့သူတွေကို သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတွေက တရားလိုအဖြစ် တရားစွဲရမှာ ဖြစ်ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတွေက တရားလိုသက်သေအဖြစ် ထွက်ဆိုပေးရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

အခုအခါမှာတော့ တရားစွဲထားတဲ့သူတွေကို အာမခံပေးထားပြီး သက်ဆိုင်ရာ တရာရုံးတွေမှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီက တရားစွဲထားတဲ့ ပုဒ်မ ၁၇၁(စ)အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တစ်နှစ် ဒါမှမဟုတ် ငွေဒဏ် နှစ်ရပ်စလုံး ကျခံရမှာဖြစ်ပြီး ပုဒ်မ ၁၇၁(ဆ)ကတော့ ငွေဒဏ် ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထူးခြားမှုဖြစ်စဉ်အနေနဲ့ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်သူရ မဲရုံကိုယ်စားလှယ်ဖြစ်သူ ဒေါ်နုနုဝင်းရဲ့ လက်ဆွဲအိတ်အတွင်းမှ UEC တံဆိပ်တုံးတစ်ခုနဲ့ မဲလက်မှတ်နမူနာ ပုံစံစာရွက်အချို့ကို သိမ်းဆည်းရမိလို့ အမှုဖွင့်အရေးယူခဲ့ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...