လေးကေကော်တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းက စစ်ရှောင်တွေ လုံခြုံမှုမရှိနေ

လေးကေကော်တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းက စစ်ရှောင်တွေ လုံခြုံမှုမရှိနေ

လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်လုပ်နေတဲ့အတွက်ကြောင့် မြန်မာဘက်ခြမ်းက စစ်ရှောင်ပြည်သူတွေ လုံခြုံမှု မရှိနေဘူးလို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။

လေးကေကော်မြို့သစ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီက လေးကေကော်ကလွဲပြီး ကျန်တဲ့ ထီးမယ်ဝါးခီး မေတ္တာလင်းမြိုင် မယ်ထော်သလေး ဖလူး စတဲ့ကျေးရွာတွေမှာ ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ကိုပြန်လာနိုင်ပြီလို့ ပြောဆိုထားပေမယ့် တကယ်လက်တွေ့မှာတော့ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့် မြန်မာဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ လုံခြုံမှု မရှိသေးသလို အမြဲတမ်းစိုးရိမ်ထိတ်လန့်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောနန္ဒဆူးက ပြောပါတယ်။

“ အထူးသဖြင့် မြန်မာဘက်ခြမ်းက စစ်ရှောင်တွေက ကြောက်လန့်နေရတယ် ။ တိုက်ပွဲတွေက ဖြစ်နေတယ် ၊ လက်နက်ကြီးက ကျသေးတယ်။ ပြန်တဲ့သူတွေကလည်း အခြေချပြီး ပြန်သွားတာ မဟုတ်ဘူး။ ကိုယ့်အိမ်ကို သွားကြည့်ကြတာပေါ့ ။ အခိုးခံရလား အဖျက်ခံရလားဆိုပြီး” လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေတချို့မှာ နယ်မြေဝင်ရောက် ရှင်းလင်းစဉ်အတွင်း ဒေသခံပြည်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပြီး ခိုးယူမှုတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေထဲမှာ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖျားနာမှုတွေ ရှိနေပြီး စစ်ရှောင်တွေရဲ့လိုအပ်ချက်အတွက် အဖွဲ့အစည်းပေါင်းစုံက လာရောက်ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လေးကေကော်တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၁၀၀၀၀ ကျော်ထိ ရှိလာပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ သောင်းရင်းမြစ်ကမ်းအနီးမှာ ယာယီတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...