PDF များအား စစ်ဆင်ရေးအတွက် ကျေးရွာများမှ လူတောင်း

PDF များအား စစ်ဆင်ရေးအတွက် ကျေးရွာများမှ လူတောင်း

ဒေသအတွင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များအား စစ်ဆင်ရေး လုပ်ရန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် အတွင်းရှိ မြို့နယ်အချို့က ကျေးရွာများတွင် စစ်ကောင်စီတပ်က လူအင်အားတောင်း ထားသည်ဟု ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ပုသိမ်ခရိုင် အတွင်းရှိ သာပေါင်း၊ ပုသိမ်၊ ကန်ထောင့်၊ ငပုတော စသည့် မြို့နယ်လေးမြို့နယ်ထဲမှ ရခိုင်ရိုးမ တောင်စွယ် အနီးနှင့် တောင်ပေါ်ရှိ ကျေးရွာများအား တစ်ရွာလျှင် လူငါးဦးစီ စုပေးရန် ဒီဇင်ဘာလ ဒုတိယအပတ်က စတင်၍ တောင်းထားခြင်း ဖြစ်သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။

"ထွေအုပ်က ညွှန်ကြားစာနဲ့ တောင်းတာ မဟုတ်ဘူး။ ရွာအနားမှာ တပ်စွဲနေတဲ့ စစ်တပ်က အလုပ်လက်မဲ့ ရွာ သားတွေကို စုထားပေးဖို့ ပြောတာပါ" ဟု ပုသိမ်-ချောင်းသာ ကားလမ်းပေါ်ရှိ ရွာတစ်ရွာ မှ အုပ်ချုပ်ရေး အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ပုသိမ်ခရိုင်အတွင်း တောတောင်များထဲ တွင် PDF များကို စစ်ဆင်ရေး ပြုလုပ်ရန်အတွက် ယင်းဒေသအနီးရှိ ရွာသားများကို စုဆောင်းနေခြင်း ဖြစ်သည် ဟု စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူအချို့ က ပြောသည်။

ယင်းဒေသများ အတွင်းရှိ သစ်ခုတ် ဝါးခုတ် အမဲလိုက်သူများကိုလည်း စစ်ကောင်စီ တပ်စခန်းများထံ ခွင့်ပြုချက် ရယူပြီးမှသာ လုပ်ကိုင်ကြရန်နှင့် သတ်မှတ်ချိန်ကျော်လွန်ပါက ပစ်သတ်မည်ဟုလည်း ပြောဆိုထားသည်ဟု ဒေသခံများ ၏ ပြောပြချက်များအရ သိရသည်။

"လူစုတဲ့ပုံစံက လမ်းပြအတွက်၊ ပေါ်တာအတွက် ဖြစ်နိုင်သလို စစ်ဆင်ရေးမှာ ရွာသားတွေကို လူသားခံ တပ် လုပ်ဖို့လည်း ဖြစ်နိုင်တယ်" ဟု အသက် ၅၀ နှစ် အရွယ်ခန့်ရှိသည့် ပုသိမ်ခရိုင်အတွင်းက စစ်သားဟောင်း တစ်ဦး က ပြောသည်။

စစ်ကောင်စီက ဒီဇင်ဘာလ ပထမပတ်မှ စတင်၍  ခရိုင်မြို့များရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများနှင့် အရွယ်ရောက် သည့် မိသားစုဝင်များကို လက်နက်ငယ် စစ်သင်တန်းများပေးနေသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်များ အရ သိရသည်။

ကန်ကြီးထောင့်မြို့ နှင့် ငပုတောမြို့အတွင်းက ဒေသခံအချို့ကမူ ၎င်းတို့ ဒေသအတွင်းရှိ PDF ပြောက်ကျားများကို စီးနင်း တိုက်ခိုက်ရန် အတွက် စစ်ကောင်စီအနေဖြင့် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟုလည်း  ပြောဆိုနေကြသည်။

ဒေသခံ ပြောက်ကြားတပ်ဖွဲ့များက စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း Mytel ဖုန်းတာဝါတိုင်များကို ဗုံးခွဲဖျက် စီးခြင်း၊ စစ်ကောင်စီသတင်းပေး ဒလန်များကို သုတ်သင်ခြင်း၊ ရဲစခန်းအချို့နှင့် စစ်ကောင်စီယာဉ်တန်း အချို့ကို ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီခန့် ဟော်တယ်ဝန်ကြီးနှင့် တိုင်းဝန်ကြီးချုပ် ယာဉ်တန်းကို စောင့်ကြိုကာ အငိုက်ဖမ်း၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ဓါတ်ပုံ - CJ (ပုံဟောင်း)

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...