မြောက်ဦးဆရာတော်ကြီးနှင့် သံဃာတော်အချို့ ဖုန်း ၆ လုံး စစ်တွေတွင်အခိုးခံရ

မြောက်ဦးဆရာတော်ကြီးနှင့် သံဃာတော်အချို့ ဖုန်း ၆ လုံး စစ်တွေတွင်အခိုးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သီတင်းသုံးနေသော မြောက်ဦးဆရာတော်ကြီးနှင့် သံဃာတော်အချို့၏ ဖုန်း ၆ လုံးနှင့် recorder အသံဖမ်းစက်တစ်ခု အခိုးခံလိုက်ရသည်ဟု သိရသည်။

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်ရှိ ရခိုင်ပြည်ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ တည်ဆောက်နေသောနေရာတွင် ဒီဇင်ဘာလ ၉ ရက် ညဉ့် ၂ ခွဲခန့်တွင် အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု စစ်တွေသာသနာအကျိုးတော်ဆောင် ဦးတင်ငြိမ်းဦးက နိရဉ္စရာကိုပြောသည်။

“ညဉ့် ၂  နာရီကျော်လောက်ရှိမယ်ထင်တယ်။ ဆရာတော်ကြီးနိုးတဲ့အခါ ဖုန်းမရှိတော့ဘူး။ ကပ္ပိယကိုနှိုးတဲ့အခါ သူ့ဖုန်းပါ ပါသွားတယ်။ သံဃာတော်တွေရဲ့ပစ္စည်းကိုခိုးတာ အပြစ်ကြီးတာကို သိစေချင်တယ်”ဟု ပြောသည်။

iphone ဖုန်း ၄ လုံး၊ ipad ၁ လုံး၊ Redmi ဖုန်း ၁ လုံးနှင့် ဆရာတော်ကြီးအသုံးပြုနေသော recorder အသံဖမ်းစက်တစ်လုံးတို့ အခိုးခံရသည်ဟု ဆိုသည်။

ဆရာတော်ကြီးနှင့် သံဃာတော်အချို့သည် ရခိုင်ပြည်ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ တည်ဆောက်နေသောနေရာတွင် ဒီဇင်ဘာလ ၄ ရက်မှစတင်ကာ တရားစခန်း (၉)ရက်ကြာဖွင့်လှစ်၍ ယာယီသီတင်းသုံးနေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆရာတော်ကြီးများက သာသနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်နေသောအချိန်တွင် ဆရာတော်ကြီး၏ကျေးဇူးကို မငဲ့ကွက်ဘဲ ခိုးယူခြင်းသည် မြို့ခံတစ်ဦးအနေဖြင့် မျက်နှာငယ်ရသည်ဟုလည်း ဦးတင်ငြိမ်းဦးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်ကလည်း စစ်တွေမြို့၊ ဓညဝတီရပ်ကွက်ရှိ နေအိမ် ၇ လုံးမှ ဖုန်း ၇ လုံးနှင့် ပိုက်ဆံ ၅ သိန်းအခိုးခံရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေတွင် ယခုနောက်ပိုင်း ခိုးမှု၊ လုယက်မှုနှင့် ဓားပြမှုများ နေ့စဉ်ဆိုသလိုဖြစ်ပွားနေသည်ဟုလည်း မြို့ခံများက ပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့ကလည်း ၎င်းတို့အနေဖြင့် ညကင်းများ လှည့်လည်ဆောင်ရွက်ပေးနေသည်ဟု နိရဉ္စရာကိုပြောဆိုထားသည်။

မြို့ခံများကမူ မြို့နေလူထု၏အသက်အိုးအိမ်စည်စိမ်များ မပျက်စီး မပျောက်ပျက်ရအောင် မြို့လုံခြုံရေးကို ယခုထက်ပိုမိုတင်းကြပ်ပေးရန်လိုအပ်သည်ဟုလည်း ဝေဖန်ပြောဆိုနေကြသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...